Monday, January 5, 2009

အဖေ(သို့ မဟုတ်)ကျွန်တော့်ဘ၀၏အကြွင်းမဲ့ကျေးဇူးရှင်

(ဤဆောင်းပါးဖြင့် ကွယ်လွန်သူ ဖေဖေ့အား လက်ဆယ်ဖြာထိပ်မှာမိုး၍ ရိုသေလေးစားစွာဖြင့် ရှိခိုးကန်တော့အပ်ပါသည်။ ဖေဖေကောင်းရာမွန်ရာဘ၀မှကောင်းချီးပေးနိုင်ပါစေ။)

ကျွန်တော့်၏ စိတ်အစဉ်သည် ခရစ်နှစ်၂၀၀၀ခုနှစ်၊ဇူလိုင်လကုန်ပိုင်းရက်တစ်ရက်သို့ လွင့်မျှောသွားသည်။ ထိုစဉ်က ကျွန်တော် ကား ထိုင်ဝမ်၌ အီလက်ထရောနစ်ဘာသာဖြင့် တက္ကသိုလ် စတုတ္ထနှစ်(နောက်ဆုံးနှစ်) ကျောင်းသားဘ၀။ ထိုရက်က ကျွန်တော့် ဆီ သို့ ရန်ကုန်မှ မမျှော်လင့်သော ဖုန်းတစ်ခုဝင်လာခဲ့သည်။ ကျွန်တော့်ယောက်ဖ (၀မ်းကွဲအမယောင်္ကျားဖြစ်သူ)ဆီမှဖြစ် သည်။ သူက"အကို့ အနေနဲ့ ပြောသင့်မပြောသင့်တော်တော်ကြာစဉ်းစားပြီးမှမင်းဆီဆက်လိုက်တာ။ အစောပိုင်းက မင်း စာမေးပွဲဖြေနေ တယ် မင်းအမေပြောလို့ အခုစာမေးပွဲဖြေပြီးတဲ့အချိန်မှမင်းဆီဖုန်းဆက်လိုက်တာ။ ငါ့ညီစိတ်ခိုင်ခိုင် တော့ ထားနော်။ မင်းအဖေအသည်းကင် ဆာဖြစ်လို့ အရေးပေါ်ဆေးရုံတင်ထားတာတစ်ပတ်လောက်ရှိပြီ။ ဆရာဝန်က နောက်ဆုံးအဆင့်ရောက်နေပြီလို့ ပြောတယ်။ မင်းသိသင့် တယ်ထင်လို့ အကြောင်းကြားတာ။ ငါအနေနဲ့ တော့မင်းကို အမြန်ဆုံးပြန်လာစေချင်တယ်ကွာ။ မင်းအဖေအခြေအနေ သိပ်အကောင်း ကြီးမဟုတ်ဘူး။" သူ့ ထံမှသတင်းကြားကြားချင်း ကျွန်တော့်ရင်ထဲဗလောင်ဆူလာပြီး မျက်ရည်များလည်းအလိုလိုထိန်းမရသိမ်းမရ ပါးပြင်ပေါ်ဝေ့၀ဲလာသည်။ သူ့ ကိုကျွန်တော်အတတ်နိုင်ဆုံးအမြန်ဆုံးပြန်လာမည်ဖြစ်ကြောင်း အကြောင်းပြန်ကာ အိမ်ပြန်ဖို့ အတွက် ကျောင်းခွင့်ယူခြင်း၊ထိုင်ဝမ်အ၀င်အထွက်ဗီဇာလျှောက်ခြင်း၊လေယာဉ်လက်မှတ်ဝယ်ခြင်းအစရှိသည်တို့ ကိုပြုလုပ်၍ ၃ရက်အကြာတွင် ရန်ကုန်သို့ အဖေ့အားကြည့်ရှုစောင့်ရှောက်ရန်အမြန်ပြန်လာခဲ့သည်။

ရန်ကုန်လေဆိပ်ရောက်တော့ အိမ်ကိုပင်တိုက်ရိုက်မပြန်နိုင်ပဲ အဖေ့တက်သောဆေးရုံဆီသို့  အဖေ့အားတွေ့ ရန်တိုက်ရိုက်သွားခဲ့ သည်။ အဖေ့ကို တွေ့ တွေ့ ခြင်း ကျွန်တော့်ရင်ထဲဆို့ နင့်စိတ်မကောင်းခြင်းများစွာခံစားရသည်။ အဖေ့ရှေ့ တွင်ဖြစ်၍ မျက်ရည်မကျ အောင် အတင်းအားတင်းထားရသည်။ ယခင်ကပြည့်ပြည့်ဖြိုးဖြိုးစိုစိုပြေပြေရှိသော အဖေသည်အခုတော့ ရောဂါဝေဒနာဖိစီး၍ ပိန်လှီ ချောင်ကျသွားပြီးဗိုက်နေရာတစ်ဝိုက်ဖောင်းကားနေပြီး အခြားခန္ဓာကိုယ်ကားအရိုးပေါ်အရေတင်ဖြစ်နေသည်။ ကျွန်တော့်ကို တွေ့ တွေ့  ခြင်း အဖေလည်းမျက်ရည်ဝဲလာပြီး "သား… မင်းပြန်လာပြီနော်။ ပြန်လာတာအဖေ၀မ်းသာပါတယ်။" လို့ စိတ်မကောင်းခြင်းတစ်ဝက် ဖြင့်ကျွန်တော့်အားပြောလေသည်။

အဖေကား ကျွန်တော်ဝယ်ပေးသောလက်ပတ်နာရီနှင့်အကျီ င်္ဝတ်ထားသည်ကိုတွေ့ ရပြီး အမေ့ အပြောအရအဖေသည်ကျွန်တော်ဝယ်ပေးသောအကျီ င်္နှင့်လက်ပတ်နာရီကိုအရမ်းနှစ်သက်၍အမြဲလိုလိုဝတ်ထားကြောင်းသိရသည်။ ထပ်ပြီးတော့ရင်ထဲ၌်ခံစားရပါတယ်အဖေ။ ထိုနေ့ မှစ၍ ကျွန်တော်နဲ့ အမေကညပိုင်း၊ကျွန်တော့်အဒေါ်နဲ့ ညီမကမနက် တစ်လှည့်စီ အဖေ့အားဆေးရုံ၌စောင့်ကြပ်ပေးကြသည်။ အဒေါ်နဲ့ အခြားသူများအပြောအရ အဖေသည်ကျွန်တော်နဲ့ အမေလာချိန်ကို အမြဲမျှော် နေတတ်ပြီး အချိန်နည်းနည်းနောက်ကျပင်လျှင် သူ့ အားစောင့်ကြည့်သူအခြားသူများနှင်သူနာပြုများအား ပူညံပူညံနှင့်နားပူနားဆာ ပြုတတ်ကြောင်းသိရသည်။

ကျွန်တော့်အားတွေ့ လျှင် "သား…လာ…ငါတို့ ဆေးရုံဆင်းရအောင်။ အဖေမင်းကိုရန်ကုန်မြို့ နေရာအနှံ့ လိုက်ပို့ ပေးမယ်။ ပြီးတော့ငါတို့ သားအဖအစုံစားကြသောက်ကြတာပေါ့။" ဤမျှပင်သားအပေါ်သံယောဇဉ်ကြီးသောအဖေဖြစ်သည်။ အဖေကျွန်တော့် အပေါ်သံယောဇဉ်ကြီးလေလေ၊ကျွန်တော့်အဖို့ ပိုခံစားရလေလေဖြစ်သည်။ ဤသို့ ပြောလေတိုင်း ကျွန်တော်က အဖေ့အား "အဖေအရင်နေကောင်းလာအောင်သာကြိုးစား၊ပြီးတော့မှ အဖေနဲ့ သားသွားချင်တဲ့နေရာသွား၊ စားချင်တဲ့အရာစားကြတာပေါ့၊" လို့ သာဝမ်းနည်းကြေကွဲစွာအားပေးဖြောင့်ဖြရလေသည်။

အဖေဆေးရုံတက်နေစဉ်တစ်နေ.။ ထိုနေ့ ကား ကျွန်တော့်တစ်သက်တာတွင်ဘယ်တော့မှ မေ့ပျောက်နိုင်မည်မထင်သော အပြုအမူကိုအဖေပြုလုပ်ခဲ့သည်။ ထိုနေ့ မနက်စောစော၌ အဖေသည်ယခင်နေ့ များလိုပင်အမေမျက်နှာသစ်ပေး၊ကိုယ်လက်သန့် စင် ပေးသည်ကိုခံယူပြီးနောက် ကုတင်ပေါ်လှဲလှောင်းအနားယူနေစဉ် ကျွန်တော့်အားရုတ်တရက်ခေါ်လိုက်သည်။ ကျွန်တော်က "အဖေ…ဘာလိုသလဲ။" ဟုမေးရာ အဖေက"သား… အဖေ့ကိုဒီဆေးရုံလမ်းထိပ်နားကလက်ဖက်ရည်ဆိုင်သွားပြီး လက်ဖက်ရည်နဲ့  ကြက်သားပလာတာဝယ်ပေးပါလား။အဖေစားချင်လို့ ။"လို့ ပြောသဖြင့်ကျွန်တော်လည်း မတုန့် မဆိုင်းပဲ အဖေလမ်းညွှန်ရာ လက်ဖက်ရည်ဆိုင်သို့ လက်ဖက်ရည်နဲ့  ကြက်သားပလာတာဝယ်ရန်သုတ်သုတ်ထွက်လာခဲ့သည်။ စားစရာဝယ်ပြီးနောက် ဆေးရုံသို့ ပြန်လာခဲ့ပြီး အမေကအဖေနံနက်စာစားရန်ပြင်ဆင်ပေးသည်။ စားရန်အသင့်ဖြစ်သောအခါ အဖေကအမေ့အား “ငါနည်းနည်းပဲစားမယ်။ ကျန်တာသားကိုစားခိုင်းလိုက်။ တကယ်တော့ငါစားချင်လို့ သားကိုကြက်သားနဲ့ ပလာတာဝယ်ခိုင်းလိုက်တာ မဟုတ်ဘူး။ ဒီအနီးအနားမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကကြက်သားပလာတာကနာမည်ကြီးလို့ ၊ ငါကိုယ်တိုင်လည်း သားအတွက် သွားဝယ်မကျွေးနိုင်တာနဲ့ ၊သားကိုအလိမ္မာတံပါယ်သုံးပြီးဝယ်ခိုင်းလိုက်တာ။ “ အဖေ့စကားကို ကြားမိသောအခါ ကြက်သီးဖြန်းဖြန်း ထမိအောင်ဖြစ်မိပြီး ရင်ထဲတွင်ဖော်ပြမတတ်လောက်အောင် စိတ်လှုပ်ရှားခံစားမိသည်။ စိတ်ထဲတွင်လည်း”သြော်… မိဘမေတ္တာ… မိဘမေတ္တာ… သားသမီးတို့ အပေါ်တုနှိုင်းမဲ့အောင်ကြီးမားလှပါတကား။ အရင်က မိဘမေတ္တာအကြောင်း စာထဲပေထဲ၊ ၀တ္ထုရုပ်ရှင်ထဲတွင်သာ သိဖူး၊မြင်ဖူး၊ကြုံတွေ့ ခံစားဖူးပြီး၊ အခုအခါမှ ကိုယ်တွေ့ ကြုံတွေ့ ရပြီး၊ မိဘမေတ္တာဆိုသည်မှာ သားသမီးတို့ အပေါ်အတိုင်းအဆမဲ့အောင်ကြီးမားလှပါတကား။“ဟုမှတ်ချက်ချမိသည်။

မိမိလက်တွေ့ ကြုံတွေ့ ဖူးသောမိဘမေတ္တာ အကြောင်းကို အခြားသားသမီးများအားလုံးကိုလည်းမျှဝေခံစားစေလိုသော ရည်ရွယ် ချက်အာသီတဖြစ်မိပြီး၊ တစ်နေ့ အဖေ့အကြောင်းဆောင်းပါးတစ်ပုဒ်ရေးဖြစ်အောင်ရေးပြီး အဖေ့အားတစ်စိတ်တစ်ပိုင်းကျေးဇူး ဆပ်ရမည်ဟုတွေးမိသည်။ ကျွန်တော့်နည်းတူ အဝေးရောက်နေသောအဝေးရောက်သားများဖြစ်ကြသည့် ညီအစ်ကို ၊မောင်နှမများ အားလည်း မိဘရဲ့ဂုဏ်ကျေးဇူးမေတ္တာကိုအစဉ်သတိရအောက်မေ့ပြီး မိဘကျေးဇူးသိတတ် ဆပ်တတ်သောသားသမီ်းအလိမ္မာများဖြစ် ကြစေလိုသောဆန္ဒဖြင့်ဤဆောင်းပါးအားရေးသားမျှဝေခံစားလိုက်ပါသည်။ စာရေးဆရာတစ်ယောက်မဟုတ်သော ကျွန်တော် အရေးအသားမှားယွင်းညံ့ ဖျင်းမှုများရှိပါကသည်းခံဖတ်ရှုပေးပါရန်အနူးအညွတ်ပန်ကြားအပ်ပါသည်။ ။

ကိုယ်တိုင်ရေးကဗျာ...

ချစ်သူ

ချစ်သူ...
မမြင်တာကြာတော့လည်း သတိရ
မြင်တာကြာတော့လည်း မေ့မရ
သိပ်ခက်တယ်ခင်။

ချစ်သူ...
အတွေးမှာလည်း ဖျောက်မရ
အိပ်မက်မှာလည်း အမြဲတွေ့ ရ
အအိပ်ခက်တယ်ခင်။

ချစ်သူ...
ဝေဟင်ကြည့်လည်း ပုံရိပ်တစ်ချပ်
ရင်ခွင်ထိလည်း ပုံနှိက်ရိုက်နှက်
အဆိပ်တက်တယ်ခင်။

ချစ်သူသာ...
သိမြင်စာနာလျှင်
အကြင်နာရေတစ်စက်နဲ့ 
အစဉ်သာငြိမ်သက်အေးသွားအောင်
ဖြန်းပက်(ကမ်းဆက်)လှည့်ပါခင်။

(ယော်နသံဇင်ယော်၏ခံစားမှု။)