Friday, March 18, 2011

လေလွင့်သူတ​စ်ယောက်ရဲ့ အိမ်ပြန်ချိ​န်

[သူငယ်ချင်းတစ်ယောက်စာပို့ဝေမျှခံစားထားသောဆောင်းပါးတစ်ပုဒ်ဖြစ်ပြီးဘ၀တူခံစားချက်တူညီမှုများတွေ့ ရ၍အများခံစားဖတ်ရှုရန်ထပ်ဆင့်ဖြန့်ဝေလိုက်ပါသည်။
မူလစာရေးသူနာမည်ကိုစာပို့သူသူငယ်ချင်းကမဖော်ပြထား၍အင်တာနက်တက်ရှာကြည့်မှစာရေးဆရာမ”နိုင်းနိုင်းစနေ”ဖြစ်ကြောင်းသိရ၍ပြန်လည်ဖော်ပြအပ်ပါသည်။
ခွင့်မတောင်းပဲထပ်ဆင့်ဖြန့်ထားခြင်းအားခွင့်လွှတ်ပါရန်။ (အဝေးရောက်သား)]

မူလစာရေးသူ။ ။ နိုင်းနိုင်းစနေ

မူရင်းဘလောက်လင့်(ခ်)
လေလွင့်သူတ​စ်ယောက်ရဲ့ အိမ်ပြန်ချိ​န်

(ကျွန်မဘဝ တပိုင်းတစလေးပါ.. မျှဝေပါတယ်)
“အမေ.. နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ သူငယ်ချင်းတွေက ဝင်ခွင့်စာမေးပွဲ ဖြေကြမလို့တဲ့။ ကျွန်မလည်း ဖြေကြည့်ချင်တယ်”
တစ်ခုသော မိုးဦးကာလမှာ စွတ်စိုစ မြေကြီးထဲက ပြူထွက်လာတဲ့ ပျိုးပင်လေးတစ်ပင်လို အိပ်မက်တစ်ခုကို သူ မရဲတရဲ မက်လိုက်မိတယ်။
“ကောင်းတယ် .. ဖြေချင်ရင်ဖြေ” အမေရဲ့ အားပေးစကားက ပျိုးပင်ရှင်သန်ဖို့ သွန်းလောင်းလိုက်တဲ့ မိုးရေစက်လိုပဲ သူ့အိပ်မက်ကို ကြီးထွားစေခဲ့တယ်။
“အောင်သွားရင်ကော....”
စက္ကန့်ပိုင်းလောက် တွေဝေသွားတဲ့ မျက်နှာကို အမေ ထိန်းရင်း..
“အောင်တော့လည်း ကျောင်းဆက်တက်ပေါ့။ အမေတို့က ဆင်းရဲတယ်။ ပညာပဲ အမွေပေးနိုင်တယ်။ အောင်အောင်ဖြေခဲ့ ဘာမှစိတ်မပူနဲ့။ ရှိတာရောင်း၊ စပါးတွေရောင်းပြီး အမေကျောင်းဆက်ထားပေးမယ်။ မလောက်ရင် လယ်ရောင်းပြီး ပို့မယ်.. ဟုတ်ပြီလား”
တကယ်တမ်းကျတော့ စုထားတာရောင်း၊ စပါးတွေရောင်းရတဲ့ အမေ့ငွေက သူ့အတွက် ပတ်စ်ပို့ တစ်အုပ်ဖိုးသာ တတ်နိုင်ခဲ့တယ်။ လူမမယ် မောင်ညီမငယ်သုံးယောက်နဲ့ တစ်အိမ်လုံး စားဝတ်နေရေးအတွက် အားထားရတဲ့ လယ်ကို သူ့တစ်ယောက်တည်းရဲ့ အိပ်မက်အတွက် အမေရောင်းရက်ပါ့မလား? အဲဒီတုန်းက ရှိသမျှအကြံတွေ ရှာကြံရင်း အမေ ပျာများနေခဲ့တယ်ကို သူမှတ်မိနေသေးတယ်။
ကံတရားက တစ်ခါတလေတော့လဲ ဆင်းရဲသားတွေကို မျက်နှာသာပေးပါတယ်။ တူ၊ တူမတွေထဲက ကျောင်းနေချင်သူတွေ ကျောင်းဆက်မတက်နိုင်ရင် ထောက်ပံ့မယ်ဆိုတဲ့ ဦးလေး (အမေ့ညီမယောက်ျား) ရဲ့ စကားတစ်ခွန်းက နွေခေါင်ခေါင်မှာ ရွာချလိုက်တဲ့ မိုးရေတစ်စက်လို သူ့အိပ်မက်ကို အဖူးအညွှန့်တွေနဲ့ ဝေဆာစေခဲ့တယ်။
ဒီလိုနဲ့ တစ်ခုသော နွေရာသီမှာ အိပ်မက်တွေကိုထုပ်ပိုး “ထိုင်ဝမ်”ဆိုတဲ့ နိုင်ငံခြားနေရာတစ်ခုကို ယောင်လည်လည်နဲ့ သူရောက်လာခဲ့တယ်။
ရေးခဲ့ဖူးတဲ့ “တက်ခဲ့ဖူးတဲ့ကျောင်း”မှာပဲ နိုင်ငံခြားရောက်စ သူ့ရဲ့တစ်နှစ်သာအချိန်ကို တစ်သက် မကျက်မှတ်ခဲ့ဖူးတဲ့ စာတွေနဲ့ ကုန်ဆုံးခဲ့ရတယ်။ ဦးလေးရဲ့ ကောင်းမှုကြောင့် ရောက်စတစ်နှစ်မှာ ကျောင်းလခအတွက် မပူခဲ့ရပေမယ့် ရှေ့ဆက်မဲ့ လမ်းတွေအတွက် သူအားတွေမွေးခဲ့ရတယ်။ ဒီလိုနဲ့ ဝင်ခွင့် စာမေးပွဲအပြီးမှာ နီယွန်မီးတွေ ထိန်လင်း၊ တိုက်ကြီးတွေ ပတ်ပတ်လည် ကာရံထားတဲ့ မြို့တော်ထိုင်ပေကို ဒေါင်းတွေကြားထဲ ရောက်သွားတဲ့ ကျီးမဲတစ်ကောင်လို သိမ်ငယ်စွာနဲ့ သူရောက်လာခဲ့တယ်။
သူနဲ့ရွယ်တူ အဒေါ်ဝမ်းကွဲတစ်ယောက်ရဲ့ ၁ဝပေပတ်လည် အခန်းကျဉ်းထဲမှာ ခိုကပ်နေပြီး အလုပ်ရှင်တွေရဲ့ ဖုန်းကို စောင့်ခဲ့ရတယ်။ သူ့အလုပ်က ငွေများများရတဲ့ လူနာစောင့် အလုပ်ဖြစ်တယ်။ တစ်နေ့မှာ မီးဖွားစ အမျိုးသမီးတစ်ဦးကို ညစောင့်အိပ်ပေးဖို့ ဖုန်းဝင်လာခဲ့တယ်။ လိပ်စာစာရွက်လေးကို ကိုင်ပြီး မြင့်မားတဲ့ ဆေးရုံအထပ်တွေကို ကျော်ဖြတ်၊ မျက်စိလည်လောက်အောင် ညွှန်ထားတဲ့ ဆိုင်းပုဒ်အကူနဲ့ လူနာအမျိုးသမီး အခန်းကို သူရောက်လာခဲ့တယ်။ မပီကလာ သူ့ရဲ့ တရုတ်စကားသံကို လူနာသံသယ မဝင်ခဲ့လို့ ညအိပ်စောင့်အလုပ်ကို လျှောလျှောရှူရှူ သူရလိုက်တယ်။
တစ်ည တစ်ထောင် (ထိုင်ဝမ်ငွေ)နဲ့ သုံးညတိတိ အိပ်စောင့်ခဲ့ရတယ်။ မီးဖွားစ ကျန်းမာတဲ့ အမျိုးသမီးမို့ ဘာမှလုပ်ပေးစရာမလိုဘဲ အိပ်စောင့်ပေးရုံပါပဲ။ ဒါပေမယ့် ယဉ်ကျေးတဲ့နိုင်ငံက လာတဲ့သူ့မှာ စေတနာတွေ ဗလပွရှိပါတယ်။ လူနာခိုင်းစရာမလိုဘဲ အခန်းရှင်းပေးတယ်၊ နပ်စ်မလာခင် လူနာကို မျက်နှာသစ်ပေးတယ်။ ဒီလိုစေတနာရဲ့ ရလာဒ်က လခငွေအပြင် ဘောက်စူး ၃ဝဝ ထပ်ရလိုက်တာပါပဲ။
သုံးညစောင့် လုပ်အားခရှင်းအပြီး ဆေးရုံက ထွက်လာတဲ့ သူ့ခြေလှမ်းတွေက ပေါ့ပါးလို့။ မနက်ခင်းရဲ့ လတ်ဆတ်တဲ့ လေကိုအားပါးတရရှုရင်း သူ့ဘဝမှာ ပထမဆုံး ကိုယ်ပိုင်လုပ်အားခနဲ့ ရဖူးတဲ့ ငွေ၃၃ဝဝ တိတိကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားလိုက်မိတယ်။ ကိုယ်ပိုင်လုပ်အားခနဲ့ အမေကို ကန်တော့ချင်တဲ့ စိတ်ကူးကို နောက်နှစ်အတွက် ကျောင်းလခဆိုတဲ့ အတွေးက ဝင်ဖျက်သွားခဲ့တယ်။ ဒါနဲ့ပဲ လမ်းဘေး မနက်စာဆိုင်မှာ အီကြာကွေးတစ်ချောင်း၊ ပဲနို့ရည်တစ်ခွက်ကို အဒေါ်အတွက် သူဝယ်လာခဲ့တယ်။ နောက်ရက်တွေမှာတော့ နောက်အလုပ်အတွက် အခန်းကျဉ်းထဲကနေ လွှင့်ပျံ့လာမဲ့ ဖုန်းသံကို သူစောင့်နေခဲ့ပြန်တယ်။
ဘဝတစ်ခု ရှင်သန်ဖို့ ငွေရှိရင် ဖြစ်ပြီလားဆိုတဲ့အမေး သူ့ကိုယ်သူ မမေးမိခင်မှာ နောက်ထပ် လူနာစောင့်ဖို့အတွက် ဆေးရုံတစ်ရုံကို သူရောက်ခဲ့ပြန်တယ်။ ဒီတစ်ခေါက် စောင့်ရမယ့်လူနာက ဝမ်းတွင်းရူးရောဂါ စွဲကပ်နေတဲ့ ဆွေမရှိ၊ မျိုးမရှိ အသက် (၇ဝ)ကျော် အဘိုးအိုတစ်ဦးဖြစ်တယ်။ အဲဒီအကြောင်းကို “ကျွန်မ လူနာစောင့်” ဆိုပြီး ရေးခဲ့ဖူးပါတယ်။ ဘဝတစ်ခု ရှင်သန်ဖို့ ငွေရှိရုံနဲ့ မလုံလောက်ဘဲ မေတ္တာတရားပါလိုကြောင်း သိလိုက်တဲ့အချိန်မှာ လူနာစောင့်အလုပ်ကို သူကျောခိုင်းခဲ့တယ်။
အဲဒီနောက် ထိုင်ပေမြို့နဲ့ မလှမ်းမကမ်း မြို့လေးတစ်မြို့က အဒေါ်အိမ်မှာ သူသောင်တင်နေခဲ့တယ်။ မိဘရင်းနဲ့မခြား သူ့အပေါ် အဒေါ်သဘောကောင်းခဲ့ပေမယ့် ကြီးမြင့်တဲ့ လူနေမှုစရိတ်ကြောင့် အဒေါ်ကို သူတာဝန်တွေ မပိုစေချင်ခဲ့ဘူး။ နောက်နှစ်အတွက် ကျောင်းလခဆိုတဲ့ အတွေးက သူ့ကို ဖိစီးနှိပ်စက်ပြန်တယ်။
ဒီလိုနဲ့ မျက်နှာသာပေးနေဆဲ ကံတရားရဲ့ ကျေးဇူးကြောင့် အဒေါ်အိမ်နဲ့ မနီးမဝေးက ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ သူအလုပ်ရခဲ့ပြန်တယ်။ ထိုင်ဝမ်နွေရဲ့ ပူပြင်းခြောက်သွေ့တဲ့ နေရောင်အောက်မှာ ကုန်ခမ်းသွားတဲ့ ဓာတ်ဆီကိုဖြည့်ဖို့ လာသမျှကားတွေကို “ ၉၂လား?.. ၉၅လား?..” လို့ စမ်းအော်မေးရင်း၊ ရှေ့ဆက်လှမ်းမယ့် ခြေလှမ်းတွေအတွက် နံ့စော်နေတဲ့ ဓာတ်ဆီနံ့တွေကြားမှာ မူးလဲမသွားအောင် ကြိုးစားရင်း ခွန်အားဓာတ်ဆီကို သူဖြည့်ခဲ့တယ်။
တစ်နာရီ ၇၅ကျပ်နဲ့ ဓာတ်ဆီဆိုင်မှာ လဝက်လောက်လုပ်ပြီး အတွေ့အကြုံသစ်တစ်ခု စမ်းသပ်ဖို့အတွက် ကံတရားက သူ့ကို ဖိတ်ခေါ်ခဲ့ပြန်တယ်။ သူနေတဲ့ မြို့နဲ့ သိပ်မဝေးတဲ့ စက်မှုဇုံမြို့က ကွန်ပြူတာစက်ရုံမှာ လူလိုကြောင်း၊ အလုပ်လုပ်ခွင့်ကတ် ယူပြီး အမြန်လာခဲ့ပါဆိုတဲ့ (အဲဒီစက်ရုံမှာ အလုပ်လုပ်တဲ့) အဒေါ်ရဲ့ ဆင့်ခေါ်မှုကြောင့် စက်ရုံမှာ အလုပ်လုပ်ဖို့ သူရောက်ခဲ့ပြန်တယ်။ တစ်နာရီ ၁၃၅ကျပ်ဆိုတဲ့ မက်လောက်တဲ့ ငွေကြေးနဲ့ မနက်၈နာရီက ည၈နာရီထိ၊ တစ်ခါတလေ အချိန်ပို ည၁၁နာရီထိ အလုပ်မှာစား၊ အဒေါ်အိမ်မှာ အိပ်တဲ့ အလုပ်ကို သူလုပ်ခဲ့တယ်။
တစ်နေ့တစ်နေ့ ကွန်ပြူတာပုံးအတွက် ပါဝါတွေတပ်လိုက်၊ ဝက်အူတွေ ရစ်လိုက်၊ ပုံပျက်တဲ့ ဝက်အူပါတဲ့ ပုံးတွေကို ရွေးထုတ်လိုက်၊ မီးလိုက်မလိုက် ကြိုးတွေကို စမ်းသပ်ကြည့်လိုက်နဲ့ ကွန်ပြူတာပစ္စည်း တစ်စစီတင်ပြီး လည်ပတ်နေတဲ့ လမ်းကြောင်းအတိုင်း သူ့ရဲ့နွေရာသီ ကျောင်းပိတ်ရက်တစ်ခုလုံးကို အိမ်နဲ့အလုပ်၊ အလုပ်နဲ့အိမ်အဖြင့်သာ လည်ပတ်စေခဲ့တယ်။
သတ်မှတ်ထားတဲ့ ကွန်ပြူတာအလုံး အရေအတွက်ပြည့်လို့ လူတွေမလိုတော့ကြောင်း အလုပ်ရုံက ကြေညာချိန်မှာ ကျောင်းဖွင့်ဖို့ တစ်ပတ်သာလိုပါတော့တယ်။ ဒီလိုနဲ့ မြို့တော်ထိုင်ပေကို လတ်လတ်ဆတ်ဆတ် ပထမနှစ် တက္ကသိုလ်ကျောင်းသူအဖြင့်နဲ့ သူခြေချခဲ့တယ်။ အစကတည်းက ကိုယ့်ဘဝအခြေအနေကို သိလို့ အလုပ်ရှာရလွယ်တဲ့ မြို့လယ်က တက္ကသိုလ်ကို သူရွေးခဲ့တယ်။ သူကြိုက်တဲ့မေဂျာ၊ သူရွေးတဲ့တက္ကသိုလ်မှာ သူအံဝင်ခွင်ကျ ဖြစ်ခဲ့ပါတယ်။ ကျောင်းစမဖွင့်ခင်ကတည်းက ကျောင်းနဲ့ မနီးမဝေး ဂျပန်စားသောက်ဆိုင် တစ်ခုမှာ သူငယ်ချင်းအကူနဲ့ စားပွဲထိုးဆိုတဲ့ အလုပ်ကို သူရခဲ့တယ်။
စားပွဲထိုးတာလည်း အတတ်ပညာတစ်ခုလို့ အရင်က ထင်မထားခဲ့တဲ့ သူ့မှာ ပန်းကန်၊ ဖန်ခွက်ပေါင်းစုံ ရောထည့်ထားတဲ့ လင်ဗန်းကို လက်နှစ်ဖက်နဲ့ တယိမ်းတယိုင် ကိုင်ရင် လွတ်မကျအောင် ကြိုးစားခဲ့ရတယ်။ တစ်နေ့ ၈နာရီကျော် ရပ်ရတဲ့ဒဏ်ကြောင့် တောင့်တင်းနေတဲ့ ခြေသလုံးကြောတွေကို ဖိနှိပ်ရင်း အံကြိတ်ခဲ့ရတဲ့ ညတွေလည်း မနည်းခဲ့ဘူး။ အပြုံးမတတ်လို့ သူဌေးမရဲ့ အငြူစူကို ခံရတာလဲ မနည်းခဲ့ပါဘူး။ အဆိုးဆုံးက ဆိုင်မှာ လာစားသောက်သမျှ ဧည့်သည်တွေကို “Irashaimasu” ကြိုဆိုပါ၏လို့ အပြုံးမျက်နှာနဲ့ အော်ခေါ် နှုတ်ဆက်ရမှာကို သူအရမ်းရှက်ခဲ့တယ်။ ဘာကြောင့်မှန်းမသိ.. လူများပစ္စည်း ခိုးတာလဲမဟုတ်၊ လူတွေကို လိမ်ညာနေတာလဲ မဟုတ်ပါပဲနဲ့ ဒီ “ကြိုဆိုပါ၏” ဆိုတဲ့ စကားတစ်ခွန်းကို သူနှုတ်က မဟရဲခဲ့ဘူး။ သူဌေးမရဲ့ ထောင့်ထောက်ကြည့်တဲ့ မျက်လုံးဒဏ်ကို နှစ်ပတ်ကျော်ကြာ သူခံလိုက်ရတယ်။
အဲဒီနောက်မှာတော့ လာသမျှဧည့်သည်တွေကို ကြိုဆိုနှုတ်ဆက်တတ်ရုံမက ဘဝမှာ ဖြစ်လာသမျှ အကောင်းအဆိုးတွေကိုလည်း “Irashaimasu” လို့ ရင်ဖွင့်ကြိုဆိုနိုင်ဖို့ သူကြိုးစားခဲ့တယ်။ အပြုံးတုတွေ ဆင်မြန်းရင်း လင်ဗန်းကို လက်တစ်ဖက်တည်းနဲ့ ပိုင်ပိုင်နိုင်နိုင်မ,လို့ စားပွဲထိုးဆိုတဲ့ အတတ်ပညာကို ကျောင်းပြီးတဲ့အထိ သူသင်ယူခဲ့တယ်။
မပြည့်စုံတဲ့ သူ့အတွက် နိုင်ငံခြားတက္ကသိုလ်ဆိုတာ သူကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေထဲက ကျောင်းသားတွေလို အားကျစရာ မကောင်းခဲ့ပါဘူး။ ကျောင်းရှေ့မြက်ခင်းစိမ်း၊ ဖတ်လိုမကုန်တဲ့ စာအုပ်တွေနဲ့ စာကြည့်တိုက်၊ ကျောင်းသားကျောင်းသူတွေ အမြဲပြည့်နှက်နေတဲ့ အားကစားကွင်းက သူနဲ့ လားလားမျှ မဆိုင်သလို အလုပ်နဲ့ကျောင်း၊ ကျောင်းနဲ့အလုပ်ကို ကူးလူးရင်း သူ့ရဲ့ ပထမနှစ်ဝက် စာသင်နှစ်ကို ကုန်ဆုံးစေခဲ့တယ်။
ဒုတိယနှစ်ဝက်မှာတော့ ကျောင်းအစ်မရဲ့ ကူညီမိတ်ဆက်ပေးမှုကြောင့် အင်တာနက်ဆိုတဲ့ ရောဂါပိုးဆန်း တစ်မျိုးက သူ့ကိုယ်ထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။ အဲဒီပိုးဆန်းကြောင့် ရေးခဲ့ဖူးတဲ့ “ကျွန်မနှင့် နာရီများ” ထဲကလိုပဲ သူ့အားလပ်ချိန် တော်တော်များများက အဲဒီကွန်ပြူတာ အခန်းထဲမှာပဲ ပျောက်ဆုံးခဲ့ရတယ်။ ဒါနဲ့တင် အားမရဘူး။ ကွန်ပြူတာတစ်လုံးကို သူပိုင်ဆိုင်ချင်လာမိတယ်။
နွေရာသီ ကျောင်းပိတ်ရက်မှာ အမေ့ရင်ခွင်ထဲ ခိုဝင်နားကြမယ့် သူငယ်ချင်းတွေရဲ့ အိမ်အပြန်ခရီးမှာ ကွန်ပြူတာတစ်လုံး လိုချင်တဲ့ စိတ်ကြောင့် သူ မပါဝင်ခဲ့ဘူး။ ကွန်ပြူတာ တစ်လုံးရဖို့အတွက် ဂျပန်စားသောက်ဆိုင်မှာ ညနေ စားပွဲထိုး အလုပ်အပြင် ၂၄နာရီဖွင့်တဲ့ စားသောက်ဆိုင်တစ်ခုမှာ ညပိုင်းအလုပ်ကို သူဝင်လုပ်ခဲ့ပြန်တယ်။ သူ့ကိုလွမ်းနေမယ့် အမေ့ကို “ကွန်ပြူတာ တစ်လုံးလိုချင်လို့.. နောက်နှစ်မှ ကျွန်မပြန်ခဲ့မယ်” လို့ နှစ်သိမ့်လိုက်တယ်။
အဲဒီနှစ် နွေရာသီမှာ ညနေပိုင်းအလုပ်ကနေ မနက်မိုးလင်းပေါက်အထိ သူသယ်ခဲ့တဲ့ ပန်းကန်တွေ မရေမတွက်နိုင်ခဲ့ဘူး။ သုတ်လိုက်ရတဲ့ ခုံအရေအတွက်တွေ သူမမှတ်မိခဲ့ဘူး။ ပြုံးပြ ကြိုဆိုလိုက်ရတဲ့ ဧည့်သည်တွေ ထောင်ပေါင်းများစွာ ရှိခဲ့တယ်။ နေ့အိပ် ညအလုပ်ဆင်းနဲ့ ဘဝတစ်ခုကို သူပြောင်းပြန် ကခဲ့ရတယ်။
ဒုတိယနှစ်ရဲ့ ကျောင်းဖွင့်ရက်ကို ကွန်ပြူတာအသစ်တစ်လုံးနဲ့ သူကြိုနိုင်ခဲ့ပါတယ်။ တစ်ခုခု လိုချင်ရင် တစ်ခုခုဆုံးရှုံးရမယ် ဆိုတဲ့စကားအတိုင်း လိုချင်တဲ့ပစ္စည်းလေး တစ်ခုရခဲ့လို့ တန်ဖိုးကြီးမားတဲ့အရာတစ်ခု သူ့ဘဝထဲက အပြီးအပိုင် ဆုံးရှုံးသွားရမယ်လို့ သူဘယ်တော့မှ မျှော်လင့်မထားခဲ့မိဘူး။ ဒါပေမယ့် ဖိတ်ခေါ်မထားတဲ့ ဧည့်ဆိုးကြမ္မာက သူ့ဘဝထဲ ဝင်ရောက်လာခဲ့တယ်။
“အမေ နေမကောင်းလို့ ဆေးရုံတင်ထားရတယ်” ဆိုတဲ့ အစ်မရဲ့ဖုန်းသံက မောမောပန်းပန်းနဲ့ ညနေအလုပ်က ပြန်လာတဲ့ သူ့ရင်ဝကို အရှိန်ပြင်းတဲ့ မြှားတစ်စီးနဲ့ ထိုးနှက်လိုက်သလိုပါပဲ။ မျှော်လင့်မထားရဲတဲ့ နေ့ရက်က သူ့ဆီ စောစောစီးစီး ရောက်လာခဲ့ပါတယ်။ ဖုန်းတစ်ဖက်က အားဖျော့နေတဲ့ အမေအသံကြောင့် သူချုံးပွဲချ ငိုမိတယ်။ “မငိုနဲ့.. ဘယ်တော့မှ မငိုနဲ့” တဲ့ ချိနဲ့နဲ့ အမေ့အသံကို သူအားမရခဲ့ဘူး။ ဖြစ်နိုင်ရင် အမေဘေးနား သူချက်ချင်း ပျံသွားချင်မိတယ်။
လေယာဉ်လက်မှတ်စောင့်နေတဲ့ အချိန်တွင်းမှာ အမေနဲ့ ဖုန်းပြောရဖို့ သူကြိုးစားခဲ့တယ်။ အမေနဲ့ ပေးပြောပါလို့ အစ်မကို သူတောင်းပန်တယ်။ ထပ်သလဲလဲ တောင်းပန်တယ်။ နှာခေါင်းပိုက်တွေနဲ့ အမေ မေ့မြောနေပြီဆိုတာကို သူမသိခဲ့ဘူး။ သူ့အတွက် အားပေးစကားတွေ အမေ ချန်မထားရစ်နိုင်ခဲ့ဘူး။ ပစ္စည်းဥစ္စာတစ်ခု မက်မောမှုကြောင့် အိမ်မပြန်ဖြစ်ခဲ့တဲ့ သမီးမိုက်ကို အမေ ဘယ်တော့မှ လွမ်းမနေနိုင်ခဲ့တော့ဘူး။ ၁၉၉၉ခုနှစ် စက်တင်ဘာလမှာ ဘဝတစ်ခု လုံးဝ နေဝင်သွားခဲ့ရတယ်။
ဒါကပဲ ဘဝတဲ့လား? အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတစ်ခုမှာ သူအလူးအလှိမ့် ခံစားခဲ့ရတယ်။ အဲဒီဒဏ်ကြောင့်ပဲ ဒုတိယနှစ်ဝက်မှာ ကျဆုံးခြင်းများစွာနဲ့ သူရင်ဆိုင်ခဲ့ရတယ်။ လမ်းတစ်ဝက် လဲကျနေတဲ့ သူ့မှာ ပြန်ရုန်းထဖို့ အင်အားတွေ မဲ့နေခဲ့တယ်။ တစ်ဝက်တစ်ပျက်နဲ့ နောက်လှည့်ပြန်ရမလား? အမေပြောသလို လူရာဝင်အောင် ပညာဆက်သင်မလား? ဘဝတစ်ခုက ညနက်လွန်းခဲ့တယ်။
လူတွေရှေ့မှာ ရင်ထဲကြိတ်ငိုခဲ့ရတဲ့ ရက်တွေ မနည်းခဲ့ဘူး။ လူတွေမသိအောင် ငိုခဲ့ရတဲ့ညတွေကလည်း မရေမတွက်နိုင်အောင်ပါပဲ။ လဲနေရာကနေ လဲချလိုက်ဖို့ သူအားလျှော့လိုက်တိုင်း “သွားစမ်းကြည့်ပါ.. နင့်လိုအရည်အချင်းနဲ့ နိုင်ငံခြားဆိုတဲ့ နေရာမှာ ဘွဲ့တစ်ခုရအောင် သွားစမ်းကြည့်ပါ” လို့ ခနဲ့တဲ့တဲ့ ပြောတဲ့ ဦးလေးတစ်ယောက်ရဲ့ စကားသံကို သူပြန်ကြားယောင်ခဲ့မိတယ်။ မခံချင်စိတ်နဲ့ သူငယ်ချင်းတွေရဲ့ ဖေးမကူညီမှုအောက်မှာ သူထရပ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ သူဌေးတွေမှ မဟုတ်ပါဘူး.. ဆင်းရဲသားတွေလည်း ပညာကို သင်ယူနိုင်ခဲ့ပါတယ်။
စားပွဲခုံတွေ ဖြူစင်သန့်ရှင်းအောင် ပွတ်တိုက်ခဲ့သလိုပဲ.. ကျရှုံးခြင်း၊ အားငယ်ခြင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ စိတ်ဓာတ်တစ်ခုကို အရောင်လက်အောင်တိုက်ဖို့ သူကြိုးစားခဲ့တယ်။ ပြဲရိသွားတဲ့ လက်နှီးထည်တွေ မရေတွက်မိခင်မှာ ထိုင်ပေတက္ကသိုလ်ကနေ B.A ဘွဲ့တစ်ခုကို သူရခဲ့တယ်။ ဘွဲ့နှင်းသဘင်ကို အမေနဲ့အတူ တက်မယ်လို့ ရည်ရွယ်ခဲ့တဲ့ သူ့စိတ်ကူးတွေ မဖြစ်မြောက်ခဲ့ပေမယ့် သူ မျက်ရည်မကျခဲ့တော့ဘူး။ မိဘတွေနဲ့ ပျော်ရွှင်နေတဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး အပျော်တွေကို သူမျှဝေခဲ့ပါတယ်။
ကျောင်းပြီးတော့ လူနေမှုစရိတ်ကြီးတဲ့ ထိုင်ပေနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ ထိုင်ဝမ်ရဲ့ တောင်စွန်းစွန်းအငူက ပင်လယ်ကမ်းခြေ မြို့တစ်မြို့ကို သူရောက်လာခဲ့တယ်။ စားပွဲထိုး၊ စာရင်းကိုင်အလုပ်ကို ၁နှစ်ကျော်ကြာ လုပ်ခဲ့တယ်။ ကြိမ်ဖန်များစွာ မုန်တိုင်းမိပြီး ပြန်လည်နိုးထလာတဲ့ ကမ်းခြေမြို့လေးလို အဖက်ဖက်က ထိုးနှက်တဲ့ ဘဝမုန်တိုင်းရိုက်ခိုက်ဒဏ်ကို ခံနိုင်ရည်ရှိဖို့ သူကြိုးစားခဲ့တယ်။
အဲဒီနောက် အမေပြောတဲ့ ပညာတတ်ကြီးဖြစ်အောင် အင်္ဂလန်ဆိုတဲ့ တိုင်းပြည်ကို သူလေလွင့် ရောက်လာခဲ့တယ်။ တကယ်တော့ ပညာတတ်ကြီးဖြစ်ဖို့အတွက် မဟုတ်ဘဲ အမေမရှိတော့တဲ့ နေအိမ်ကို မပြန်ရဲခဲ့တဲ့ သမီးမိုက်ရဲ့ ဆင်ခြေသာဖြစ်တယ်။ အင်္ဂလန်လို့ခေါ်တဲ့ အစစအရာရာ တိုးတက်ကြီးမြင့်တဲ့ နိုင်ငံမှာ အသက်တစ်ခု ရှင်သန်ဖို့ ဘဝမျိုးစုံ သူကျင်လည်ခဲ့ရတယ်။ ထမင်းအော်ရောင်းတယ်၊ ဘမ်ဘာဂါလုပ်တယ်၊ စာရင်းလုပ်တယ်၊ စာရေးလုပ်တယ်။ price controller အဖြင့်နဲ့ ရောက်လေရာအရပ်မှာ ရွက်ကျပင်ပေါက် တစ်ပင်လို ရှင်သန်နိုင်ဖို့ သူကြိုးစားခဲ့တယ်။
(၁၁)နှစ် တိုင်ခဲ့ပါပြီ။ ထုံကျင်နေတဲ့ နှလုံးသားမှာ နာကျင်ခြင်းနဲ့ နောင်တတွေ ထုပ်ပိုးပြီး သူလေလွင့်နေခဲ့တာ (၁၁)နှစ် တိုင်ခဲ့ပါပြီ။ အမေပြောတဲ့ ပညာတတ်ကြီးတစ်ယောက် သူမဖြစ်ခဲ့ပေမယ့် ဘဝပေါင်းစုံကို သူခံစားတတ်ခဲ့တယ်။ သူ့လို လဲကျခဲ့သူတွေ ထရပ်နိုင်ဖို့ အားပေးတတ်ခဲ့တယ်။ ဘဝတူတွေကို စာနာ နားလည်တတ်ခဲ့တယ်။ ရှေ့ဆက်ရတဲ့ လမ်းတွေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ ဘက်ပေါင်းစုံက ထိုးနှက်လာတဲ့ရိုက်ခတ်မှုတွေ ဘယ်လောက်ပဲ ခါးတီးပါစေ အပြုံးနဲ့ သူရင်ဆိုင်တတ်ခဲ့တယ်။ ဒါကပဲ အမေဖြစ်စေချင်ခဲ့တဲ့ ပညာတတ်လား? လို့ တစ်ခါခါ သူတွေးခဲ့မိတယ်။
“ပညာစုံရင် ပြန်ခဲ့.. အမေ တံခါးဖွင့်ပြီး ကြိုနေမယ်” ဆိုတဲ့ အမေမရှိတော့ပေမယ့် အမေဆုံးပြီးကတည်းက ဖရိုဖရဲဖြစ်ခဲ့တဲ့ နေအိမ်တစ်ခုအတွက် ပြန်ဖို့ သူဆုံးဖြတ်လိုက်တယ်။ အဒေါ်အိမ်မှာ ခိုကပ်နားနေတဲ့ တကွဲတပြား မောင်ညီမတွေအတွက် သူပြန်ခဲ့ပါတယ်။ အောင်မြင်မှုတွေ ပွေ့ပိုက်ပြီး ပြန်ခဲ့သူ မဟုတ်ပေမယ့် ကံကြမ္မာဆိုးတွေကို ရင်ဆိုင်ရဲသူအဖြစ် ဘဝသင်္ခန်းစာ တစ်ပွေ့တပိုက်နဲ့ လေလွင့်သူတစ်ယောက် အိမ်ကို ပြန်ခဲ့ပါပြီ...