ချောင်းသာကမ်းခြေအပန်းဖြေခရီး(၂၀၁၀၊ဖေဖော်ဝါရီ)
စကာင်္ပူမှခေတ္တခဏရောက်ရှိလာသောသူငယ်ချင်းတစ်ယောက်က"သူတို့ချောင်းသာသွားမည်။ အတူလိုက်ခဲ့မလား။" ဟုမေးသည့်အတွက် ယခင်ကလည်းမရောက်ဖူးသည်မို့ ဇနီးသည်နှင့်အတူလိုက်ပါရန်သဘောတူညီခဲ့သည်။အစကသွားရန်အခြားသူငယ်ချင်းနှစ်ယောက်ကိုပါ ခေါ်ထားသော်လည်းသူတို့ ကကိစ္စရှိသဖြင့်နောက်ဆုံးတွင်ကျွန်တော်တို့ ဇနီးမောင်နှံနှင့်သူငယ်ချင်းဇနီးမောင်နှံပေါင်းလေးဦးသာခရီးထွက်ခဲ့လေသည်။
ချောင်းသာသွားရန်ကားကအောင်ဆန်းကွင်းဘေးခရစ်ယာန်ဘုရားကျောင်းရှေ့ တွင်ည(၁၀)နာရီချိန်းသောကြောင့်(၉)နာရီခွဲခန့် တွင်စုရပ်သို့ အရောက်ထွက်လာခဲ့သည်။ သူငယ်ချင်းမောင်နှံသည်လည်းအထုပ်အပိုးကိုယ်စီဖြင့်(၁၀)နာရီမတ်တင်းခန့် တွင်ဆိုက်ရောက်လာသည်။ ပြီးနောက်ကျွန်တော်တို့၏ကားသည်အခြားစုရပ်များရှိခရီးသည်များကိုတင်ဆောင်ပြီး(၁၁)နာရီကျော်ကျော်ခန့် တွင်ရန်ကုန်မြို့မှချောင်းသာသို့ ဦးတည်ပြီး စတင်ထွက်ခွာလာခဲ့သည်။
ကျွန်တော်တို.ကားသည်ရန်ကုန်အလွန်ညောင်တုန်းမြို့အဝေးပြေးကားလမ်းဘေးရှိ"သမုဒယစားသောက်ဆိုင်"တွင်ခရီးတစ်ထောက်နား သည်။
သာမန်နားချိန်သည်နာရီဝက်ခန့်သာရှိမည်ဖြစ်သော်လည်းကားဘီးလဲနေသဖြင့်တစ်နာရီကျော်ကျော်ရပ်နားပြီးမှချောင်းသာသို့ဦးတည်ခရီးထွက်ခွာခဲ့သည်။ခရီးတစ်လျှောက်တွင်ကားကဖွင့်ပေးထားသောအမ်တီဗွီသီချင်းနားထောင်လိုက်၊အငြိမ့်ဖွင့်ပြသဖြင့်လူရွှင်တော်ပြက်လုံး
များနှင့်ရယ်မောလိုက်၊ခဏအိပ်လိုက်၊နိုးလိုက်ဖြင့်အချိန်ကိုကုန်လွန်စေပြီးစီးနင်းလိုက်ပါခဲ့လေသည်။နံနက်(၇)နာရီခွဲခန့် တွင်ချောင်းသာကမ်းခြေသို့ ရောက်ရှိလာခဲ့သည်။ကျွန်တော်တို့ ၏ကားသည်ကားအခြားဟိုတယ်များတွင်အခြားခရီးသည်များအားချပေးခြင်း၊ဟိုတယ်အ ၀င်စီမံပေးခြင်းများပြုလုပ်၍နောက်ဆုံးတွင်တော့ကြိုတင်ဘိုကင်လုပ်ထားသောလိုင်လိုင်ဟော်တယ်သို့ဆိုက်ရောက်ခဲ့လေသည်။
ဟိုတယ်သည်ကားချောင်းသာတွင်အစောပိုင်းကဆောက်ခဲ့သောဟိုတယ်တစ်ခုဖြစ်၍အခြားဟိုတယ်များနှင့်စာလျှင်အတန်ငယ်အိုစာနေသော်လည်းသူ့ ဈေးနှင့်သူတန်ရာသည်ဖြစ်သည်ဟုသာမှတ်ယူရပေမည်။အတန်ငယ်စောသေးသည်မို့ ကျွန်တော်တို့ နေမည့်အခန်းကခရီးသည်များမထွက်သေး၍ ယာယီစောင့်ဆိုင်းရာအခန်းသို့ အရင်ပို့ ပေးသည်။
အခန်းသန့် ရှင်းရေးအခြေအနေသိပ်မကောင်းသည်ကတကြောင်း၊မနက်စာမစားသေး၍ဗိုက်ဆာနေသည်ကတဖုံတို့ ကြောင့်သူငယ်ချင်း ဇနီးမောင်နှံနှင့်အတူနံနက်စာစားရန်ဟိုတယ်ဘက်သို့ ထွက်ခဲ့လေသည်။
ို
ဟိုတယ်စားသောက်ဆိုင်ရောက်သော်ဧည့်ကြိုအားစားစရာဘာတွေရနိုင်သလဲဟုမေးရာသူကဘူဖေးနှင့်အခြားအစားအစာများမှာစားနိုင်ကြောင်းဘူဖေးစားပါကတစ်ယောက်ကျပ်၂၀၀၀ကျမည်ဖြစ်ကြောင်းနှင့်အခြားအစားအစာများမှာစားပါကကျသင့်ငွေပေး၍သုံးဆောင်နိုင်ကြောင်းပြောပြသည်။ဘူဖေးသည်သူတို့ ချထားသောဟင်းအမယ်လေးငါးခြောက်မျိုးကိုအ၀စားနိုင်ပြီး၊လက်ဖက်ရည်နှင့်အချိုပွဲပါပါကြောင်းထပ်မံရှင်းပြသည်။ထိုနေ့ ကအချိုပွဲမှာဌက်ပျောသီးရွှေကြည်မုန့် ဖြစ်ပြီး စားသောက်ဆိုင်လဟာပြင်ကွင်းလယ်တွင်ချထားရာ စာကလေးများလာနားနေသောကြောင့် ကျွန်တော်က စားပွဲအမှုထမ်းအား ဟာ၊ မင်းတို့ အချိုမုန့် ကဧည့်သည်တောင်မစားသေးဘူး။ ဌက်ကအရင်စားနေပြီဟုနောက်ပြောခဲ့သေး၏။ကျွန်တော်တို့ စားသောက်နေစဉ်အတွင်းချာတိတ်တစ်ယောက်ကမြက်ခမောက်များလာရောင်း၍ ၄-လုံးကျပ်၅၀၀နှင့်အားပေးခဲ့ပြီးနောက်ကမ်းခြေနံဘေးရှိသဲသောင်ပြင်သို့ လမ်းလျှောက်ထွက်ခဲ့လေသည်။
နံနက်အလင်းရောင်နှင့်ချောင်းသာကမ်းခြေ၏မြင်ကွင်းကား တစ်ပါးမြေတွင် ကိုယ်စိတ်ဖိစီးမှုအမျိုးမျိုးဖြင့်အလုပ်လုပ်နေခဲ့ပြီး အပန်းဖြေစရာအချိန်မရှိသလောက်ဖြစ်သောကျွန်တော်တို့ အဖို့ သည်ကား စိတ်ချမ်းမြေ့ရွှင်လန်းဖွယ်ရှုမငြီးဖွယ်အတိဖြစ်လေသည်။
အပန်းဖြေနေသောစိတ်အစဉ်ကိုအနည်းငယ်ကသိကအောက်ဖြစ်စေသည်ကတော့ကမ်းခြေတွင်ကျဘမ်းခေါင်းရွက်ဗျက်ထိုးရောင်းကြ သောဈေးသည်များပင်ဖြစ်လေသည်။တစ်ဝမ်းစာအတွက်ပင်ပင်ပန်းပန်းရှာဖွေစားနေသောသူတို့ ၏ဘ၀ကိုစာနာမိသော်လည်းခရီးသည် များအားတောက်တဲ့ကပ်သည့်ပမာနောက်ကတစ်ကောက်ကောက်လိုက်၊ပါးစပ်ကသူတို့ ၏ပစ္စည်းများဝယ်ရန်တစ်တွတ်တွတ်ပြောနေ သည်များက အပမ်းဖြေရန်လာသောခရီးသည်များ၏စိတ်အစဉ်ကို တစ်နည်းတစ်လမ်းကအနှောက်အယှက်ပေးနေသည်ဟုထင်မိသည်။
တကယ်တော့ကျွန်တော့်အထင်အဲဒီလောက်အသဲအမဲမုဆိုးသားကောင်လိုက်သလိုမျိုးဈေးရောင်းခြင်းမျိုးမဖြစ်သင့်ပေ။ ကိုယ်ရောင်းချလိုသောပစ္စည်းများကိုဘေးတွင်ချထားပြီးရောင်းသည်ထားအုန်း၊ခရီးသည်များဝယ်ယူလိုပါကကိုယ်ကပင်နောက်ကတစ် ကောက်ကောက်လိုက်စရာမလိုဝယ်ယူသူကကိုယ့်ရှေ့ မှောက်လာရောက်ဝယ်ယူမည်သာဖြစ်သည်။ဤသည်ကားမြန်မာပြည်တွင်ထုံးစံလို ဖြစ်နေသောအတင်းလိုက်အတင်းရောင်းစနစ်၏ပြင်ဆင်စရာသင့်လှသည့်အချက်ပင်ဖြစ်သည်။သို့မှသာလျှင်ဝယ်ယူသူ၊ရောင်းလိုသူနှစ်ဦး နှစ်ဘက်အငြင်းပွားဖွယ်မဖြစ်တော့ပဲစိတ်ချမ်းမြေ့စွာရောင်းကြ၀ယ်ကြနိုင်ကြမည်သာဖြစ်သည်။ကမ္ဘာ့ အ၀ှမ်းတွင်စားသုံးသူ(၀ယ်ယူသူ ဖောက်သည်) သည်ပထမဖြစ်သည်ဟူသော လက်စွဲကိုအစဉ်တစ်စိုက်ကျင့်သုံးနေချိန်တွင် မြန်မာနိုင်ငံရှိအချို့ သောရောင်းလိုသူများက ကိုယ်သာအဓိက၊ကိုယ့်ပစ္စည်းကိုတန်ရာတန်ဈေးနှင့်ရောင်းချင်းဖြစ်ပြီးဝယ်ယူသူအနေဖြင့်ဝယ်ချင်ဝယ်၊မ၀ယ်ချင်နေဟူသောစိတ်ထားများမှာ မထားသင့်မထားထိုက်သောစိတ်ထားများသာဖြစ်ကြောင်းအလျှင်းသင့်၍ရှင်းပြအပ်သည်။
ချောင်းသာကမ်းခြေတွင်ကျဘမ်းဈေးသည်များအားအကြမ်းဖျင်းခွဲခြားပြရလျှင်…
- မြက်ဦးထုပ်၊ဂဏန်းများဘေးမဲ့လွတ်ရန်အော်ရောင်းတတ်သောကလေးသူငယ်လေးများ၊
- ခရုခွံ၊ကမာခွံ၊ပင်လယ်ပုဇွန်ထုပ်၊ဂဏန်းများ၏အခွံတို့ ဖြင့်လုပ်ထားသောချောင်းသာအမှတ်တရပစ္စည်းများကိုလိုက်လံရောင်းချတတ် သောဈေးသည်များနှင့်
- ပင်လယ်ထွက်ဂဏန်း၊ပုဇွန်တို့ ကိုအစိမ်းသော်လည်းကောင်း၊ချက်ပြုတ်ပေး၍သော်လည်းကောင်းရောင်းချကြသူများနှင့်ငါးခြောက်၊ ပုဇွန်ခြောက်များကိုရောင်းချတတ်သူများပင်ဖြစ်သည်။
ကျွန်တော်ကိုယ်တိုင်မြင်တွေ့ ခဲ့ရသောမြင်ကွင်းတစ်ခုကိုပြန်ဖော်ပြပါရစေ။ထိုနေ့ ကျွန်တော့်ဇနီးကကလေးငယ်များထံမှဂဏန်းဝယ်ရေထဲလွှတ်နေချိန်တွင်ကျွန်တော်ကဘေးတွင်ထိုင်ကြည့်နေသည်။ထိုအချိန်တွင်ဘေး၌အမျိုးသမီးကြီးတစ်ယောက်ကအပေါက်လေးများဖောက်ထားသောပလတ်စတစ်အိတ်ကြီးတစ်လုံးဖြင့်လှိုင်းလာရာသို့ ဦးတည်ပြီးသဲများရောနှောနေသောရေများကိုခတ်ယူနေပြီးဂဏန်းများကိုဖမ်းယူနေသည်ဟုထင်ရသည်။ထိုမြင်ကွင်းကိုမြင်လိုက်ရသောကျွန်တော့်အဖို့ မှာမူဖော်ပြစရာစကားမရှိလောက်အောင်ပင်အံ့သြမှင်တက်ဖြစ်မိသည်။
သတ္တ၀ါများကိုဘေးမဲ့လွှတ်ခြင်းသည်ကုသိုလ်လည်းရ၊ကောင်းသောလုပ်ရပ်ဖြစ်သော်လည်းလွှတ်သူကအခုလွှတ်ဖမ်းသူကတော်ကြာဖမ်း၍ပြန်ရောင်းကြသောလွှတ်ဖမ်းသံသရာကားကောင်းမြတ်လှသောလုပ်ရပ်တော့မဟုတ်လှပေ။တွေ့ ရှိသူအတွက်စိတ်ချမ်းမြေ့ မှုမရှိတတ်သလို၊ ပြုသူအတွက်လည်း ယခုပစ္စုပ္ပန်၊ နောင်သံသရာအထိပါ ၀ဋ္ဋ်အကုသိုလ်များသယ်ဆောင်လာတတ်သည့်လုပ်ရပ်များပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် သတ္တ၀ါများကိုညှင်းဆဲခြင်းဖြင့် ကိုယ့်ဥစ္စာရှာဖွေခြင်းပင်ဖြစ်လေသည်။
ကိုယ်စီးပွားရှာရာတွင်သူတစ်ပါးအားလည်းဆင်းရဲဒုက္ခပေးခြင်းမရှိစေရန်သတိပြုတတ်ပါစေလို့ ပင်ဆုတောင်းမိလေသည်။
အထက်တွင်ဖော်ပြသည်တို့ ကားကျွန်တော်၏ချောင်းသာခရီးတွင်ခံတွင်းပျက်စေသောအဖြစ်အပျက်တို့ ပင်ဖြစ်လေသည်။ အခါးပြီးလျှင်အချိုလာသကဲ့သို့ ကြည်နူးစရာလေးများအားလည်းဖောက်သည်ချပါရစေ။ သဲသောင်ပြင်ပေါ်တွင်အုန်းရည်ကလေးတစ်ဖက်စုပ်ပြီး ကမ်းခြေအလှကိုခံစားရသည်မှာကား အရသာတစ်မျိုးပင်ဖြစ်လေသည်။
ကျွန်တော်တို့ သွားသောနေ့ ကားကံကောင်းထောက်မစွာဖြင့်နေကလည်းသာ၊သိပ်ကလည်းမပူသည်မို့ အနားယူအပန်းဖြေဖို့ ကောင်း သောရာသီဥတုအခြေအနေဟုဆိုနိုင်ပေသည်။ကမ်းခြေတစ်ဝိုက်တွင်ကားခေါင်းရွက်ဗျက်ထိုးဈေးသည်များ၊အပန်းဖြေနေသူများ၊အမှတ်တရဓာတ်ပုံရိုက်နေကြသူများ၊လှိုင်းစီးရေကစားနေသူများ၊မြင်းစီး၊စက်ဘီးစီးနေသူများ၊စွန်ရောင်းနေသူများနှင့်စည်ကားနေလေသည်။ကျွန်တော်တို့ နှင့်သူငယ်ချင်းဇနီးမောင်နှံကားကမ်းခြေသဲသောင်ပြင်တွင်လေညှင်းခံလမ်းလျှောက်လိုက်၊ရှုခင်းကောင်းလျှင်အမှတ်တရဓာတ်ပုံရိုက်လိုက်နှင့်အပန်းဖြေစိတ်အလျှင်အတွင်းလွင့်မျှောနေကြလေသည်။
တစ်နေရာအရောက်တွင် လူများစုရုံးစုရုံးနှင့်ဖြစ်နေသည်မို့ လူ့ သဘောသဘာဝအတိုင်း ဘာများဖြစ်နေပါလိမ့်ဟုစူးစမ်းမိသည်။ နောက်မှထီးဆောင်းသူ၊မှန်ထိုးသူများကိုမြင်မိ၍ ရုပ်ရှင်(သို့ )အလှဓာတ်ပုံလာရိုက်နေသာဖြစ်လိမ့်မည်ဟုတွေးမိသည်။ တဖြည်းဖြည်းနီးလာသောအခါတွင်မှ အမှန်တကယ်ပင် မြန်မာမော်ဒယ်များကြော်ငြာလာရိုက်နေသောမြင်ကွင်းဖြစ်ကြောင်းသိရသည်။ တောက်ပသောရောင်စုံဝတ်စုံဝတ်ထားသောအမည်မသိမော်ဒယ်အမျိုးသမီးလေးသုံးလေးယောက်မှာဒါရိုက်တာညွန်ကြားချက်အတိုင်းသဲသောင်ပြင်ပေါ်တွင် ဟိုဒီပြေးလွှားလှုပ်ယမ်းနေကြသည်။
ဘေးတွင်ရှိနိုင်ငံခြားသားအသက်ကြီးကြီးတစ်ယောက်သည်ကလည်း အလကားရိုက်ခွင့်ရသောဓာတ်ပုံမို့  ကင်မရာတစ်ဖျတ်ဖျတ်ရိုက်၍အလုပ်ရှုတ်လျက်ရှိသည်။ ကျွန်တော်နှင့်သူငယ်ချင်းဖြစ်သူမှာလည်းကြုံခဲသည်မို့  ဓာတ်ပုံသုံးလေးပုံရိုက်ကာအားပေးလိုက်လေသည်။
ထို့ နောက်တွင်ကားနေကလည်းတဖြည်းဖြည်းမြင့်လာ၊အပူရှိန်ကလည်းတဖြည်းဖြည်းပူလာသည်မို့ အခန်းရှိရာပြန်လာအနားယူလေသည်။ နေ့ လည်စာကိုကားဟိုတယ်ကိုမှာ၍ အခန်းသို့ လာပို့ ခိုင်းပြီး တစ်ဖက်ကကမ်းဖြေရှုခင်းကြည့်လိုက်၊ စကားစမြည်ပြောလိုက်၊ စားသောက်လိုက်ဖြင့် အတော်လေးဟုတ်နေလေသည်။
ဟင်းများမှာစား၍မဆိုးသော်လည်း ဈေးကြီး၍ပမာဏမှာလည်းမများလှပေ။ ဂဏန်း(လေးကောင်)တစ်ပွဲ၊ ပုဇွန်(ရှစ်ကောင်ခန့် )တစ်ပွဲ၊ ဟင်းချိုတစ်ပွဲ၊ အအေးနှင့်ထမင်းမှာသည်ကိုပင် နှစ်သောင်းကျော်ရှင်းရသည်။ ဘယ်နိုင်ငံမှာမှမကြားဖူးသော ဆားဗစ်ခ(၁၀%)၊ အစားအသောက်အခွန်ခ (၁၀%) ထည့်သွင်းကောက်ခံသည်ကိုတွေ့ ရသည်။
နေလည်စာစားပြီးနောက်ထွေရာလေးပါးစကားစမြည်ပြောဆို၍ အသီးသီးကိုယ်အခန်းကိုယ်ပြန်တစ်ရေးတစ်မောအိပ်စက်ကြလေသည်။
တစ်ရေးနိုးသော်ညနေ(၅)နာရီခန့် ရှိပြီဖြစ်၍နဂိုကရေဆင်းဆော့ရန်ရည်ရွယ်သော်လည်း၊အချိန်သိပ်မရှိသည်ကတကြောင်း၊နေ၀င်မြန် သည်ကတကြောင်းမို့ ရေမဆင်းတော့ပဲ၊အနီးအနားရှိဈေးဘက်ကိုသာလမ်းလျှောက်ထွက်ခဲ့လေသည်။ချောင်းသာ၏နေ၀င်ဆည်းဆာ အလှသည်ကားပန်းချီကားတစ်ချပ်ပမာလှပရှုမောဖွယ်ဖြစ်သည်။
ဈေးထဲတွင်ကားချောင်းသာအမှတ်တရခရုကမာခွံလက်ဆောင်အရောင်းဆိုင်များ၊ငါးပိငါးခြောက်ပုဇွန်ခြောက်အရောင်းဆိုင်များ၊ပင်လယ် စာစားသောက်ဆိုင်များ၊ချောင်းသာဟာလ၀ါမုန့် ဆိုင်များနှင့်ပြန့် ကျဲလျက်ရှိသည်။
ဈေးထဲတွင်ကျွန်တော်တို့ ကားခရုကမာလက်ဆောင်ပစ္စည်းနည်းနည်းဝယ်၊မုန့် ဆီကြော်နည်းနည်းဝယ်ခဲ့လေသည်။ဈေးထဲစားသောက် ဆိုင်တွင်မူလကစားသောက်ရန်ရည်ရွယ်သော်လည်းဘယ်ဆိုင်ကောင်းမှန်းမသိသည်ကတကြောင်း၊ဈေးများကဗျောက်တောက်ဖြစ်နေ သည်ကတဖုံတို့ ကြောင့်မစားဖြစ်ခဲ့။မနက်ကသဲသောင်ပေါ်တွင်ဂဏန်း၊ပုဇွန်ချက်ပေးရန်ပြောသောအမျိုးသမီးကြီးနှင့်ပြန်တွေ့ ၍ညနေစာ အတွက်ဂဏန်း၊ပုဇွန်ချက်၍လာပို့ ရန်မှာထားခဲ့ပြီးတည်းခိုရာဟိုတယ်အခန်းသို့ ပြန်လာခဲ့လေသည်။ည(၈)နာရီခွဲခန့် တွင်မှာထားသော ဂဏန်း၊ပုဇွန်ဟင်းများလာပို့ ၍အဏ္ဏ၀ါထမင်းကြော် နှစ်ပွဲနှင့်အအေးကိုဟော်တယ်မှမှာစားကြသည်။
အပြင်မှမှာ၍ဂဏန်း(၉)ကောင်နှင့်ပုဇွန်အကောင်(၂၀)ခန့် ရရှိပြီးလေးယောက်သားစုစုပေါင်းကျပ်(၁)သောင်းကျော်ကျော်ခန့် နှင့်ဖောဖောသီသီစားခွင့်ရလေသည်။စားပြီးသောက်ပြီးနောက်အသီးသီးကိုယ့်အခန်းကိုယ်ပြန်နားကြသည်။ကျွန်တော်နှင့်ဇနီးသည်ကားအနီးအနား လမ်းထွက်လျှောက်ကြသေးသည်။
ညခင်းချောင်းသာကမ်းခြေကားအမှောင်ထုလွမ်းခြုံထား၍တစ်ခါတစ်ရံတစ်ဖက်ကမ်းစားသောက်ဆိုင်မှတေးသံသဲ့သဲ့ကြားရသည်မှအပါး အေးချမ်းငြိမ်သက်လျက်ရှိသည်။အခန်းပြန်ရောက်သော်အပြင်ဝရန်တာတွင်ခဏထိုင်စကားစမြည်ပြောပြီးနောက်အိပ်ရာဝင်ခဲ့လေသည်။
နောက်နေ့ မနက်(၇)နာရီခန့် အိပ်ရာနိုးပြီးဟိုတယ်တွင်မနက်စာဘူဖေးစားကြသည်။
ပြီးနောက်ကမ်းခြေတစ်လျှောက်လမ်းလျှောက်ပြီးစက်ဘီးဌားသောနေရာတွင်နှစ်ယောက်နှင်းသောစက်ဘီးတစ်စီဌားကာကမ်းခြေတောက်လျှောက်စက်ဘီးပတ်စီးကြပြန်သည်။
ဆုတောင်းပြည့်စေတီရောက်သောဘုရားဝင်ဝတ်ပြုလှူတန်း၍ဂဏန်းလွှတ်ကြပြန်သည်။
ထို့ နောက်နံနက်(၁၀)နာရီခွဲလောက်တွင်ပြန်ချိန်နီးပြီဖြစ်၍ ကမ်းခြေရောက်၍ရေမဆော့ဖြစ်လျှင် နှမြောစရာကြီးမို့  သူငယ်ချင်းနှင့်အတူ ရေထဲဆင်းကာ လှိုင်းစီးရေဆော့ကြပြန်သည်။
ရေဆော့ပြီးသော်ကိုယ်လက်သန့် စင်ရေချိုး၍ဟိုတယ်အပြန်ကားစီးရန်နေရာသို့ သွားရောက်ခဲ့သည်။နံနက်(၁၀)နာရီခွဲလောက်တွင်ကျွန် တော်တို့ ၏ကားသည်ချောင်းသာမှစတင်ထွက်ခွာလာသည်။လမ်းခရီးတွင်နေ့ လည်စာစားရန်အတွက်ပုသိမ်မြို့ မြနန္ဒာမြန်မာထမင်းဆိုင် တွင်ထမင်းစားကြသည်။
ထမင်းဆိုင်မှာသန့် သန့် ပြန့် ပြန့် ရှိသော်လည်း ဟင်းများမှာကားဈေးကြီးလှသည်။ ပုဇွန်ထုပ်(၃)ကောင်ပါသောဆီပြန်ဟင်းတစ်ပွဲကို ကျပ်(၃၀၀၀)ပေးစားရသည်။ ထို့ နောက်တွင်ကားဆရာကပုသိမ်မြို့ ရွှေမော်ဓောဘုရားသို့ ကျွန်တော်တို့ အားလိုက်ပို့ ပေးသည်။
သည့်နောက်တွင်တော့ပုသိမ်ဟာလ၀ါဝယ်ရန်ပုသိမ်မြို့ "ဘုရင်ပုသိမ်ဟာလ၀ါဆိုင်"သို့ ကျွန်တော်တို့ ကိုပို့ ပြန်သည်။
ပြီးနောက်တော့ရန်ကုန်သို့ ဦးတည်၍ကားကိုတောက်လျှောက်မောင်းလာပြီးညောင်တုန်းမြို့ ရောက်မှအသွားတွင်ရပ်နားခဲ့သော "သမုဒယစားသောက်ဆိုင်"တွင်ခရီးတစ်ထောက်ထပ်နားပြန်လေသည်။
စားသောက်ဆိုင်မှထွက်ခွာလာသောအခါရန်ကုန်သို့ တိုက်ရိုက်မောင်းနှင်လာသည်။
ရန်ကုန်သို့ အ၀င်တွင်(၅)နာရီကျော်ခန့် ရှိနေ၍ကျောင်းဆင်း၊ရုံးဆင်းချိန်ဖြစ်၍ကားလမ်းပိတ်ကျပ်ပြီးအိမ်ကို(၆)နာရီကျော်မှပြန်ရောက်ကာချောင်းသာကမ်းခြေအပန်းဖြေခရီးကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့သည်။ ခရီးအစအဆုံးကိုခြုံငုံသုံးသပ်ရသော်ဈေးသည်အချို့ ကြောင့်စိတ်အနည်းငယ်ညစ်ညူးစရာကောင်းသည်မှအပခရီးအစအဆုံးပျော်ရွှင်ချမ်းမြေ့ ဖွယ်ရာအတိပြီးသော၊ကိုယ်မိတ်ဆွေဟောင်းနှင့်အတူသွားခွင့်ရခဲ့သောခရီးစဉ်ကောင်းတစ်ခုအဖြစ်စိတ်ထဲတွင်အမြဲထင်ကျန်နေမည်မှာအမှန်ပင်ဖြစ်တော့လေသသည်။နောက်ဆုံးခရီးသွားကြိုက်ကြသူများလည်းမိမိတို့ လိုပင်ပျော်ပျော်ရွှင်ရွှင်ခရီးစဉ်ကောင်းတစ်ခုကိုအား လပ်ရက်များတွင်ခံစားကုန်လွန်နိုင်ကြပါစေလို့ ဆုတောင်းလျက်။ ။