Friday, March 18, 2011

လေလွင့်သူတ​စ်ယောက်ရဲ့ အိမ်ပြန်ချိ​န်

[သူငယ်ချင်းတစ်ယောက်စာပို့ဝေမျှခံစားထားသောဆောင်းပါးတစ်ပုဒ်ဖြစ်ပြီးဘ၀တူခံစားချက်တူညီမှုများတွေ့ ရ၍အများခံစားဖတ်ရှုရန်ထပ်ဆင့်ဖြန့်ဝေလိုက်ပါသည်။
မူလစာရေးသူနာမည်ကိုစာပို့သူသူငယ်ချင်းကမဖော်ပြထား၍အင်တာနက်တက်ရှာကြည့်မှစာရေးဆရာမ”နိုင်းနိုင်းစနေ”ဖြစ်ကြောင်းသိရ၍ပြန်လည်ဖော်ပြအပ်ပါသည်။
ခွင့်မတောင်းပဲထပ်ဆင့်ဖြန့်ထားခြင်းအားခွင့်လွှတ်ပါရန်။ (အဝေးရောက်သား)]

မူလစာရေးသူ။ ။ နိုင်းနိုင်းစနေ

မူရင်းဘလောက်လင့်(ခ်)
လေလွင့်သူတ​စ်ယောက်ရဲ့ အိမ်ပြန်ချိ​န်

(ကျွန်မဘဝ တပိုင်းတစလေးပါ.. မျှဝေပါတယ်)
“အမေ.. နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ သူငယ်ချင်းတွေက ဝင်ခွင့်စာမေးပွဲ ဖြေကြမလို့တဲ့။ ကျွန်မလည်း ဖြေကြည့်ချင်တယ်”
တစ်ခုသော မိုးဦးကာလမှာ စွတ်စိုစ မြေကြီးထဲက ပြူထွက်လာတဲ့ ပျိုးပင်လေးတစ်ပင်လို အိပ်မက်တစ်ခုကို သူ မရဲတရဲ မက်လိုက်မိတယ်။
“ကောင်းတယ် .. ဖြေချင်ရင်ဖြေ” အမေရဲ့ အားပေးစကားက ပျိုးပင်ရှင်သန်ဖို့ သွန်းလောင်းလိုက်တဲ့ မိုးရေစက်လိုပဲ သူ့အိပ်မက်ကို ကြီးထွားစေခဲ့တယ်။
“အောင်သွားရင်ကော....”
စက္ကန့်ပိုင်းလောက် တွေဝေသွားတဲ့ မျက်နှာကို အမေ ထိန်းရင်း..
“အောင်တော့လည်း ကျောင်းဆက်တက်ပေါ့။ အမေတို့က ဆင်းရဲတယ်။ ပညာပဲ အမွေပေးနိုင်တယ်။ အောင်အောင်ဖြေခဲ့ ဘာမှစိတ်မပူနဲ့။ ရှိတာရောင်း၊ စပါးတွေရောင်းပြီး အမေကျောင်းဆက်ထားပေးမယ်။ မလောက်ရင် လယ်ရောင်းပြီး ပို့မယ်.. ဟုတ်ပြီလား”
တကယ်တမ်းကျတော့ စုထားတာရောင်း၊ စပါးတွေရောင်းရတဲ့ အမေ့ငွေက သူ့အတွက် ပတ်စ်ပို့ တစ်အုပ်ဖိုးသာ တတ်နိုင်ခဲ့တယ်။ လူမမယ် မောင်ညီမငယ်သုံးယောက်နဲ့ တစ်အိမ်လုံး စားဝတ်နေရေးအတွက် အားထားရတဲ့ လယ်ကို သူ့တစ်ယောက်တည်းရဲ့ အိပ်မက်အတွက် အမေရောင်းရက်ပါ့မလား? အဲဒီတုန်းက ရှိသမျှအကြံတွေ ရှာကြံရင်း အမေ ပျာများနေခဲ့တယ်ကို သူမှတ်မိနေသေးတယ်။
ကံတရားက တစ်ခါတလေတော့လဲ ဆင်းရဲသားတွေကို မျက်နှာသာပေးပါတယ်။ တူ၊ တူမတွေထဲက ကျောင်းနေချင်သူတွေ ကျောင်းဆက်မတက်နိုင်ရင် ထောက်ပံ့မယ်ဆိုတဲ့ ဦးလေး (အမေ့ညီမယောက်ျား) ရဲ့ စကားတစ်ခွန်းက နွေခေါင်ခေါင်မှာ ရွာချလိုက်တဲ့ မိုးရေတစ်စက်လို သူ့အိပ်မက်ကို အဖူးအညွှန့်တွေနဲ့ ဝေဆာစေခဲ့တယ်။
ဒီလိုနဲ့ တစ်ခုသော နွေရာသီမှာ အိပ်မက်တွေကိုထုပ်ပိုး “ထိုင်ဝမ်”ဆိုတဲ့ နိုင်ငံခြားနေရာတစ်ခုကို ယောင်လည်လည်နဲ့ သူရောက်လာခဲ့တယ်။
ရေးခဲ့ဖူးတဲ့ “တက်ခဲ့ဖူးတဲ့ကျောင်း”မှာပဲ နိုင်ငံခြားရောက်စ သူ့ရဲ့တစ်နှစ်သာအချိန်ကို တစ်သက် မကျက်မှတ်ခဲ့ဖူးတဲ့ စာတွေနဲ့ ကုန်ဆုံးခဲ့ရတယ်။ ဦးလေးရဲ့ ကောင်းမှုကြောင့် ရောက်စတစ်နှစ်မှာ ကျောင်းလခအတွက် မပူခဲ့ရပေမယ့် ရှေ့ဆက်မဲ့ လမ်းတွေအတွက် သူအားတွေမွေးခဲ့ရတယ်။ ဒီလိုနဲ့ ဝင်ခွင့် စာမေးပွဲအပြီးမှာ နီယွန်မီးတွေ ထိန်လင်း၊ တိုက်ကြီးတွေ ပတ်ပတ်လည် ကာရံထားတဲ့ မြို့တော်ထိုင်ပေကို ဒေါင်းတွေကြားထဲ ရောက်သွားတဲ့ ကျီးမဲတစ်ကောင်လို သိမ်ငယ်စွာနဲ့ သူရောက်လာခဲ့တယ်။
သူနဲ့ရွယ်တူ အဒေါ်ဝမ်းကွဲတစ်ယောက်ရဲ့ ၁ဝပေပတ်လည် အခန်းကျဉ်းထဲမှာ ခိုကပ်နေပြီး အလုပ်ရှင်တွေရဲ့ ဖုန်းကို စောင့်ခဲ့ရတယ်။ သူ့အလုပ်က ငွေများများရတဲ့ လူနာစောင့် အလုပ်ဖြစ်တယ်။ တစ်နေ့မှာ မီးဖွားစ အမျိုးသမီးတစ်ဦးကို ညစောင့်အိပ်ပေးဖို့ ဖုန်းဝင်လာခဲ့တယ်။ လိပ်စာစာရွက်လေးကို ကိုင်ပြီး မြင့်မားတဲ့ ဆေးရုံအထပ်တွေကို ကျော်ဖြတ်၊ မျက်စိလည်လောက်အောင် ညွှန်ထားတဲ့ ဆိုင်းပုဒ်အကူနဲ့ လူနာအမျိုးသမီး အခန်းကို သူရောက်လာခဲ့တယ်။ မပီကလာ သူ့ရဲ့ တရုတ်စကားသံကို လူနာသံသယ မဝင်ခဲ့လို့ ညအိပ်စောင့်အလုပ်ကို လျှောလျှောရှူရှူ သူရလိုက်တယ်။
တစ်ည တစ်ထောင် (ထိုင်ဝမ်ငွေ)နဲ့ သုံးညတိတိ အိပ်စောင့်ခဲ့ရတယ်။ မီးဖွားစ ကျန်းမာတဲ့ အမျိုးသမီးမို့ ဘာမှလုပ်ပေးစရာမလိုဘဲ အိပ်စောင့်ပေးရုံပါပဲ။ ဒါပေမယ့် ယဉ်ကျေးတဲ့နိုင်ငံက လာတဲ့သူ့မှာ စေတနာတွေ ဗလပွရှိပါတယ်။ လူနာခိုင်းစရာမလိုဘဲ အခန်းရှင်းပေးတယ်၊ နပ်စ်မလာခင် လူနာကို မျက်နှာသစ်ပေးတယ်။ ဒီလိုစေတနာရဲ့ ရလာဒ်က လခငွေအပြင် ဘောက်စူး ၃ဝဝ ထပ်ရလိုက်တာပါပဲ။
သုံးညစောင့် လုပ်အားခရှင်းအပြီး ဆေးရုံက ထွက်လာတဲ့ သူ့ခြေလှမ်းတွေက ပေါ့ပါးလို့။ မနက်ခင်းရဲ့ လတ်ဆတ်တဲ့ လေကိုအားပါးတရရှုရင်း သူ့ဘဝမှာ ပထမဆုံး ကိုယ်ပိုင်လုပ်အားခနဲ့ ရဖူးတဲ့ ငွေ၃၃ဝဝ တိတိကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားလိုက်မိတယ်။ ကိုယ်ပိုင်လုပ်အားခနဲ့ အမေကို ကန်တော့ချင်တဲ့ စိတ်ကူးကို နောက်နှစ်အတွက် ကျောင်းလခဆိုတဲ့ အတွေးက ဝင်ဖျက်သွားခဲ့တယ်။ ဒါနဲ့ပဲ လမ်းဘေး မနက်စာဆိုင်မှာ အီကြာကွေးတစ်ချောင်း၊ ပဲနို့ရည်တစ်ခွက်ကို အဒေါ်အတွက် သူဝယ်လာခဲ့တယ်။ နောက်ရက်တွေမှာတော့ နောက်အလုပ်အတွက် အခန်းကျဉ်းထဲကနေ လွှင့်ပျံ့လာမဲ့ ဖုန်းသံကို သူစောင့်နေခဲ့ပြန်တယ်။
ဘဝတစ်ခု ရှင်သန်ဖို့ ငွေရှိရင် ဖြစ်ပြီလားဆိုတဲ့အမေး သူ့ကိုယ်သူ မမေးမိခင်မှာ နောက်ထပ် လူနာစောင့်ဖို့အတွက် ဆေးရုံတစ်ရုံကို သူရောက်ခဲ့ပြန်တယ်။ ဒီတစ်ခေါက် စောင့်ရမယ့်လူနာက ဝမ်းတွင်းရူးရောဂါ စွဲကပ်နေတဲ့ ဆွေမရှိ၊ မျိုးမရှိ အသက် (၇ဝ)ကျော် အဘိုးအိုတစ်ဦးဖြစ်တယ်။ အဲဒီအကြောင်းကို “ကျွန်မ လူနာစောင့်” ဆိုပြီး ရေးခဲ့ဖူးပါတယ်။ ဘဝတစ်ခု ရှင်သန်ဖို့ ငွေရှိရုံနဲ့ မလုံလောက်ဘဲ မေတ္တာတရားပါလိုကြောင်း သိလိုက်တဲ့အချိန်မှာ လူနာစောင့်အလုပ်ကို သူကျောခိုင်းခဲ့တယ်။
အဲဒီနောက် ထိုင်ပေမြို့နဲ့ မလှမ်းမကမ်း မြို့လေးတစ်မြို့က အဒေါ်အိမ်မှာ သူသောင်တင်နေခဲ့တယ်။ မိဘရင်းနဲ့မခြား သူ့အပေါ် အဒေါ်သဘောကောင်းခဲ့ပေမယ့် ကြီးမြင့်တဲ့ လူနေမှုစရိတ်ကြောင့် အဒေါ်ကို သူတာဝန်တွေ မပိုစေချင်ခဲ့ဘူး။ နောက်နှစ်အတွက် ကျောင်းလခဆိုတဲ့ အတွေးက သူ့ကို ဖိစီးနှိပ်စက်ပြန်တယ်။
ဒီလိုနဲ့ မျက်နှာသာပေးနေဆဲ ကံတရားရဲ့ ကျေးဇူးကြောင့် အဒေါ်အိမ်နဲ့ မနီးမဝေးက ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ သူအလုပ်ရခဲ့ပြန်တယ်။ ထိုင်ဝမ်နွေရဲ့ ပူပြင်းခြောက်သွေ့တဲ့ နေရောင်အောက်မှာ ကုန်ခမ်းသွားတဲ့ ဓာတ်ဆီကိုဖြည့်ဖို့ လာသမျှကားတွေကို “ ၉၂လား?.. ၉၅လား?..” လို့ စမ်းအော်မေးရင်း၊ ရှေ့ဆက်လှမ်းမယ့် ခြေလှမ်းတွေအတွက် နံ့စော်နေတဲ့ ဓာတ်ဆီနံ့တွေကြားမှာ မူးလဲမသွားအောင် ကြိုးစားရင်း ခွန်အားဓာတ်ဆီကို သူဖြည့်ခဲ့တယ်။
တစ်နာရီ ၇၅ကျပ်နဲ့ ဓာတ်ဆီဆိုင်မှာ လဝက်လောက်လုပ်ပြီး အတွေ့အကြုံသစ်တစ်ခု စမ်းသပ်ဖို့အတွက် ကံတရားက သူ့ကို ဖိတ်ခေါ်ခဲ့ပြန်တယ်။ သူနေတဲ့ မြို့နဲ့ သိပ်မဝေးတဲ့ စက်မှုဇုံမြို့က ကွန်ပြူတာစက်ရုံမှာ လူလိုကြောင်း၊ အလုပ်လုပ်ခွင့်ကတ် ယူပြီး အမြန်လာခဲ့ပါဆိုတဲ့ (အဲဒီစက်ရုံမှာ အလုပ်လုပ်တဲ့) အဒေါ်ရဲ့ ဆင့်ခေါ်မှုကြောင့် စက်ရုံမှာ အလုပ်လုပ်ဖို့ သူရောက်ခဲ့ပြန်တယ်။ တစ်နာရီ ၁၃၅ကျပ်ဆိုတဲ့ မက်လောက်တဲ့ ငွေကြေးနဲ့ မနက်၈နာရီက ည၈နာရီထိ၊ တစ်ခါတလေ အချိန်ပို ည၁၁နာရီထိ အလုပ်မှာစား၊ အဒေါ်အိမ်မှာ အိပ်တဲ့ အလုပ်ကို သူလုပ်ခဲ့တယ်။
တစ်နေ့တစ်နေ့ ကွန်ပြူတာပုံးအတွက် ပါဝါတွေတပ်လိုက်၊ ဝက်အူတွေ ရစ်လိုက်၊ ပုံပျက်တဲ့ ဝက်အူပါတဲ့ ပုံးတွေကို ရွေးထုတ်လိုက်၊ မီးလိုက်မလိုက် ကြိုးတွေကို စမ်းသပ်ကြည့်လိုက်နဲ့ ကွန်ပြူတာပစ္စည်း တစ်စစီတင်ပြီး လည်ပတ်နေတဲ့ လမ်းကြောင်းအတိုင်း သူ့ရဲ့နွေရာသီ ကျောင်းပိတ်ရက်တစ်ခုလုံးကို အိမ်နဲ့အလုပ်၊ အလုပ်နဲ့အိမ်အဖြင့်သာ လည်ပတ်စေခဲ့တယ်။
သတ်မှတ်ထားတဲ့ ကွန်ပြူတာအလုံး အရေအတွက်ပြည့်လို့ လူတွေမလိုတော့ကြောင်း အလုပ်ရုံက ကြေညာချိန်မှာ ကျောင်းဖွင့်ဖို့ တစ်ပတ်သာလိုပါတော့တယ်။ ဒီလိုနဲ့ မြို့တော်ထိုင်ပေကို လတ်လတ်ဆတ်ဆတ် ပထမနှစ် တက္ကသိုလ်ကျောင်းသူအဖြင့်နဲ့ သူခြေချခဲ့တယ်။ အစကတည်းက ကိုယ့်ဘဝအခြေအနေကို သိလို့ အလုပ်ရှာရလွယ်တဲ့ မြို့လယ်က တက္ကသိုလ်ကို သူရွေးခဲ့တယ်။ သူကြိုက်တဲ့မေဂျာ၊ သူရွေးတဲ့တက္ကသိုလ်မှာ သူအံဝင်ခွင်ကျ ဖြစ်ခဲ့ပါတယ်။ ကျောင်းစမဖွင့်ခင်ကတည်းက ကျောင်းနဲ့ မနီးမဝေး ဂျပန်စားသောက်ဆိုင် တစ်ခုမှာ သူငယ်ချင်းအကူနဲ့ စားပွဲထိုးဆိုတဲ့ အလုပ်ကို သူရခဲ့တယ်။
စားပွဲထိုးတာလည်း အတတ်ပညာတစ်ခုလို့ အရင်က ထင်မထားခဲ့တဲ့ သူ့မှာ ပန်းကန်၊ ဖန်ခွက်ပေါင်းစုံ ရောထည့်ထားတဲ့ လင်ဗန်းကို လက်နှစ်ဖက်နဲ့ တယိမ်းတယိုင် ကိုင်ရင် လွတ်မကျအောင် ကြိုးစားခဲ့ရတယ်။ တစ်နေ့ ၈နာရီကျော် ရပ်ရတဲ့ဒဏ်ကြောင့် တောင့်တင်းနေတဲ့ ခြေသလုံးကြောတွေကို ဖိနှိပ်ရင်း အံကြိတ်ခဲ့ရတဲ့ ညတွေလည်း မနည်းခဲ့ဘူး။ အပြုံးမတတ်လို့ သူဌေးမရဲ့ အငြူစူကို ခံရတာလဲ မနည်းခဲ့ပါဘူး။ အဆိုးဆုံးက ဆိုင်မှာ လာစားသောက်သမျှ ဧည့်သည်တွေကို “Irashaimasu” ကြိုဆိုပါ၏လို့ အပြုံးမျက်နှာနဲ့ အော်ခေါ် နှုတ်ဆက်ရမှာကို သူအရမ်းရှက်ခဲ့တယ်။ ဘာကြောင့်မှန်းမသိ.. လူများပစ္စည်း ခိုးတာလဲမဟုတ်၊ လူတွေကို လိမ်ညာနေတာလဲ မဟုတ်ပါပဲနဲ့ ဒီ “ကြိုဆိုပါ၏” ဆိုတဲ့ စကားတစ်ခွန်းကို သူနှုတ်က မဟရဲခဲ့ဘူး။ သူဌေးမရဲ့ ထောင့်ထောက်ကြည့်တဲ့ မျက်လုံးဒဏ်ကို နှစ်ပတ်ကျော်ကြာ သူခံလိုက်ရတယ်။
အဲဒီနောက်မှာတော့ လာသမျှဧည့်သည်တွေကို ကြိုဆိုနှုတ်ဆက်တတ်ရုံမက ဘဝမှာ ဖြစ်လာသမျှ အကောင်းအဆိုးတွေကိုလည်း “Irashaimasu” လို့ ရင်ဖွင့်ကြိုဆိုနိုင်ဖို့ သူကြိုးစားခဲ့တယ်။ အပြုံးတုတွေ ဆင်မြန်းရင်း လင်ဗန်းကို လက်တစ်ဖက်တည်းနဲ့ ပိုင်ပိုင်နိုင်နိုင်မ,လို့ စားပွဲထိုးဆိုတဲ့ အတတ်ပညာကို ကျောင်းပြီးတဲ့အထိ သူသင်ယူခဲ့တယ်။
မပြည့်စုံတဲ့ သူ့အတွက် နိုင်ငံခြားတက္ကသိုလ်ဆိုတာ သူကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေထဲက ကျောင်းသားတွေလို အားကျစရာ မကောင်းခဲ့ပါဘူး။ ကျောင်းရှေ့မြက်ခင်းစိမ်း၊ ဖတ်လိုမကုန်တဲ့ စာအုပ်တွေနဲ့ စာကြည့်တိုက်၊ ကျောင်းသားကျောင်းသူတွေ အမြဲပြည့်နှက်နေတဲ့ အားကစားကွင်းက သူနဲ့ လားလားမျှ မဆိုင်သလို အလုပ်နဲ့ကျောင်း၊ ကျောင်းနဲ့အလုပ်ကို ကူးလူးရင်း သူ့ရဲ့ ပထမနှစ်ဝက် စာသင်နှစ်ကို ကုန်ဆုံးစေခဲ့တယ်။
ဒုတိယနှစ်ဝက်မှာတော့ ကျောင်းအစ်မရဲ့ ကူညီမိတ်ဆက်ပေးမှုကြောင့် အင်တာနက်ဆိုတဲ့ ရောဂါပိုးဆန်း တစ်မျိုးက သူ့ကိုယ်ထဲ ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။ အဲဒီပိုးဆန်းကြောင့် ရေးခဲ့ဖူးတဲ့ “ကျွန်မနှင့် နာရီများ” ထဲကလိုပဲ သူ့အားလပ်ချိန် တော်တော်များများက အဲဒီကွန်ပြူတာ အခန်းထဲမှာပဲ ပျောက်ဆုံးခဲ့ရတယ်။ ဒါနဲ့တင် အားမရဘူး။ ကွန်ပြူတာတစ်လုံးကို သူပိုင်ဆိုင်ချင်လာမိတယ်။
နွေရာသီ ကျောင်းပိတ်ရက်မှာ အမေ့ရင်ခွင်ထဲ ခိုဝင်နားကြမယ့် သူငယ်ချင်းတွေရဲ့ အိမ်အပြန်ခရီးမှာ ကွန်ပြူတာတစ်လုံး လိုချင်တဲ့ စိတ်ကြောင့် သူ မပါဝင်ခဲ့ဘူး။ ကွန်ပြူတာ တစ်လုံးရဖို့အတွက် ဂျပန်စားသောက်ဆိုင်မှာ ညနေ စားပွဲထိုး အလုပ်အပြင် ၂၄နာရီဖွင့်တဲ့ စားသောက်ဆိုင်တစ်ခုမှာ ညပိုင်းအလုပ်ကို သူဝင်လုပ်ခဲ့ပြန်တယ်။ သူ့ကိုလွမ်းနေမယ့် အမေ့ကို “ကွန်ပြူတာ တစ်လုံးလိုချင်လို့.. နောက်နှစ်မှ ကျွန်မပြန်ခဲ့မယ်” လို့ နှစ်သိမ့်လိုက်တယ်။
အဲဒီနှစ် နွေရာသီမှာ ညနေပိုင်းအလုပ်ကနေ မနက်မိုးလင်းပေါက်အထိ သူသယ်ခဲ့တဲ့ ပန်းကန်တွေ မရေမတွက်နိုင်ခဲ့ဘူး။ သုတ်လိုက်ရတဲ့ ခုံအရေအတွက်တွေ သူမမှတ်မိခဲ့ဘူး။ ပြုံးပြ ကြိုဆိုလိုက်ရတဲ့ ဧည့်သည်တွေ ထောင်ပေါင်းများစွာ ရှိခဲ့တယ်။ နေ့အိပ် ညအလုပ်ဆင်းနဲ့ ဘဝတစ်ခုကို သူပြောင်းပြန် ကခဲ့ရတယ်။
ဒုတိယနှစ်ရဲ့ ကျောင်းဖွင့်ရက်ကို ကွန်ပြူတာအသစ်တစ်လုံးနဲ့ သူကြိုနိုင်ခဲ့ပါတယ်။ တစ်ခုခု လိုချင်ရင် တစ်ခုခုဆုံးရှုံးရမယ် ဆိုတဲ့စကားအတိုင်း လိုချင်တဲ့ပစ္စည်းလေး တစ်ခုရခဲ့လို့ တန်ဖိုးကြီးမားတဲ့အရာတစ်ခု သူ့ဘဝထဲက အပြီးအပိုင် ဆုံးရှုံးသွားရမယ်လို့ သူဘယ်တော့မှ မျှော်လင့်မထားခဲ့မိဘူး။ ဒါပေမယ့် ဖိတ်ခေါ်မထားတဲ့ ဧည့်ဆိုးကြမ္မာက သူ့ဘဝထဲ ဝင်ရောက်လာခဲ့တယ်။
“အမေ နေမကောင်းလို့ ဆေးရုံတင်ထားရတယ်” ဆိုတဲ့ အစ်မရဲ့ဖုန်းသံက မောမောပန်းပန်းနဲ့ ညနေအလုပ်က ပြန်လာတဲ့ သူ့ရင်ဝကို အရှိန်ပြင်းတဲ့ မြှားတစ်စီးနဲ့ ထိုးနှက်လိုက်သလိုပါပဲ။ မျှော်လင့်မထားရဲတဲ့ နေ့ရက်က သူ့ဆီ စောစောစီးစီး ရောက်လာခဲ့ပါတယ်။ ဖုန်းတစ်ဖက်က အားဖျော့နေတဲ့ အမေအသံကြောင့် သူချုံးပွဲချ ငိုမိတယ်။ “မငိုနဲ့.. ဘယ်တော့မှ မငိုနဲ့” တဲ့ ချိနဲ့နဲ့ အမေ့အသံကို သူအားမရခဲ့ဘူး။ ဖြစ်နိုင်ရင် အမေဘေးနား သူချက်ချင်း ပျံသွားချင်မိတယ်။
လေယာဉ်လက်မှတ်စောင့်နေတဲ့ အချိန်တွင်းမှာ အမေနဲ့ ဖုန်းပြောရဖို့ သူကြိုးစားခဲ့တယ်။ အမေနဲ့ ပေးပြောပါလို့ အစ်မကို သူတောင်းပန်တယ်။ ထပ်သလဲလဲ တောင်းပန်တယ်။ နှာခေါင်းပိုက်တွေနဲ့ အမေ မေ့မြောနေပြီဆိုတာကို သူမသိခဲ့ဘူး။ သူ့အတွက် အားပေးစကားတွေ အမေ ချန်မထားရစ်နိုင်ခဲ့ဘူး။ ပစ္စည်းဥစ္စာတစ်ခု မက်မောမှုကြောင့် အိမ်မပြန်ဖြစ်ခဲ့တဲ့ သမီးမိုက်ကို အမေ ဘယ်တော့မှ လွမ်းမနေနိုင်ခဲ့တော့ဘူး။ ၁၉၉၉ခုနှစ် စက်တင်ဘာလမှာ ဘဝတစ်ခု လုံးဝ နေဝင်သွားခဲ့ရတယ်။
ဒါကပဲ ဘဝတဲ့လား? အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတစ်ခုမှာ သူအလူးအလှိမ့် ခံစားခဲ့ရတယ်။ အဲဒီဒဏ်ကြောင့်ပဲ ဒုတိယနှစ်ဝက်မှာ ကျဆုံးခြင်းများစွာနဲ့ သူရင်ဆိုင်ခဲ့ရတယ်။ လမ်းတစ်ဝက် လဲကျနေတဲ့ သူ့မှာ ပြန်ရုန်းထဖို့ အင်အားတွေ မဲ့နေခဲ့တယ်။ တစ်ဝက်တစ်ပျက်နဲ့ နောက်လှည့်ပြန်ရမလား? အမေပြောသလို လူရာဝင်အောင် ပညာဆက်သင်မလား? ဘဝတစ်ခုက ညနက်လွန်းခဲ့တယ်။
လူတွေရှေ့မှာ ရင်ထဲကြိတ်ငိုခဲ့ရတဲ့ ရက်တွေ မနည်းခဲ့ဘူး။ လူတွေမသိအောင် ငိုခဲ့ရတဲ့ညတွေကလည်း မရေမတွက်နိုင်အောင်ပါပဲ။ လဲနေရာကနေ လဲချလိုက်ဖို့ သူအားလျှော့လိုက်တိုင်း “သွားစမ်းကြည့်ပါ.. နင့်လိုအရည်အချင်းနဲ့ နိုင်ငံခြားဆိုတဲ့ နေရာမှာ ဘွဲ့တစ်ခုရအောင် သွားစမ်းကြည့်ပါ” လို့ ခနဲ့တဲ့တဲ့ ပြောတဲ့ ဦးလေးတစ်ယောက်ရဲ့ စကားသံကို သူပြန်ကြားယောင်ခဲ့မိတယ်။ မခံချင်စိတ်နဲ့ သူငယ်ချင်းတွေရဲ့ ဖေးမကူညီမှုအောက်မှာ သူထရပ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ သူဌေးတွေမှ မဟုတ်ပါဘူး.. ဆင်းရဲသားတွေလည်း ပညာကို သင်ယူနိုင်ခဲ့ပါတယ်။
စားပွဲခုံတွေ ဖြူစင်သန့်ရှင်းအောင် ပွတ်တိုက်ခဲ့သလိုပဲ.. ကျရှုံးခြင်း၊ အားငယ်ခြင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ စိတ်ဓာတ်တစ်ခုကို အရောင်လက်အောင်တိုက်ဖို့ သူကြိုးစားခဲ့တယ်။ ပြဲရိသွားတဲ့ လက်နှီးထည်တွေ မရေတွက်မိခင်မှာ ထိုင်ပေတက္ကသိုလ်ကနေ B.A ဘွဲ့တစ်ခုကို သူရခဲ့တယ်။ ဘွဲ့နှင်းသဘင်ကို အမေနဲ့အတူ တက်မယ်လို့ ရည်ရွယ်ခဲ့တဲ့ သူ့စိတ်ကူးတွေ မဖြစ်မြောက်ခဲ့ပေမယ့် သူ မျက်ရည်မကျခဲ့တော့ဘူး။ မိဘတွေနဲ့ ပျော်ရွှင်နေတဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး အပျော်တွေကို သူမျှဝေခဲ့ပါတယ်။
ကျောင်းပြီးတော့ လူနေမှုစရိတ်ကြီးတဲ့ ထိုင်ပေနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ ထိုင်ဝမ်ရဲ့ တောင်စွန်းစွန်းအငူက ပင်လယ်ကမ်းခြေ မြို့တစ်မြို့ကို သူရောက်လာခဲ့တယ်။ စားပွဲထိုး၊ စာရင်းကိုင်အလုပ်ကို ၁နှစ်ကျော်ကြာ လုပ်ခဲ့တယ်။ ကြိမ်ဖန်များစွာ မုန်တိုင်းမိပြီး ပြန်လည်နိုးထလာတဲ့ ကမ်းခြေမြို့လေးလို အဖက်ဖက်က ထိုးနှက်တဲ့ ဘဝမုန်တိုင်းရိုက်ခိုက်ဒဏ်ကို ခံနိုင်ရည်ရှိဖို့ သူကြိုးစားခဲ့တယ်။
အဲဒီနောက် အမေပြောတဲ့ ပညာတတ်ကြီးဖြစ်အောင် အင်္ဂလန်ဆိုတဲ့ တိုင်းပြည်ကို သူလေလွင့် ရောက်လာခဲ့တယ်။ တကယ်တော့ ပညာတတ်ကြီးဖြစ်ဖို့အတွက် မဟုတ်ဘဲ အမေမရှိတော့တဲ့ နေအိမ်ကို မပြန်ရဲခဲ့တဲ့ သမီးမိုက်ရဲ့ ဆင်ခြေသာဖြစ်တယ်။ အင်္ဂလန်လို့ခေါ်တဲ့ အစစအရာရာ တိုးတက်ကြီးမြင့်တဲ့ နိုင်ငံမှာ အသက်တစ်ခု ရှင်သန်ဖို့ ဘဝမျိုးစုံ သူကျင်လည်ခဲ့ရတယ်။ ထမင်းအော်ရောင်းတယ်၊ ဘမ်ဘာဂါလုပ်တယ်၊ စာရင်းလုပ်တယ်၊ စာရေးလုပ်တယ်။ price controller အဖြင့်နဲ့ ရောက်လေရာအရပ်မှာ ရွက်ကျပင်ပေါက် တစ်ပင်လို ရှင်သန်နိုင်ဖို့ သူကြိုးစားခဲ့တယ်။
(၁၁)နှစ် တိုင်ခဲ့ပါပြီ။ ထုံကျင်နေတဲ့ နှလုံးသားမှာ နာကျင်ခြင်းနဲ့ နောင်တတွေ ထုပ်ပိုးပြီး သူလေလွင့်နေခဲ့တာ (၁၁)နှစ် တိုင်ခဲ့ပါပြီ။ အမေပြောတဲ့ ပညာတတ်ကြီးတစ်ယောက် သူမဖြစ်ခဲ့ပေမယ့် ဘဝပေါင်းစုံကို သူခံစားတတ်ခဲ့တယ်။ သူ့လို လဲကျခဲ့သူတွေ ထရပ်နိုင်ဖို့ အားပေးတတ်ခဲ့တယ်။ ဘဝတူတွေကို စာနာ နားလည်တတ်ခဲ့တယ်။ ရှေ့ဆက်ရတဲ့ လမ်းတွေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ ဘက်ပေါင်းစုံက ထိုးနှက်လာတဲ့ရိုက်ခတ်မှုတွေ ဘယ်လောက်ပဲ ခါးတီးပါစေ အပြုံးနဲ့ သူရင်ဆိုင်တတ်ခဲ့တယ်။ ဒါကပဲ အမေဖြစ်စေချင်ခဲ့တဲ့ ပညာတတ်လား? လို့ တစ်ခါခါ သူတွေးခဲ့မိတယ်။
“ပညာစုံရင် ပြန်ခဲ့.. အမေ တံခါးဖွင့်ပြီး ကြိုနေမယ်” ဆိုတဲ့ အမေမရှိတော့ပေမယ့် အမေဆုံးပြီးကတည်းက ဖရိုဖရဲဖြစ်ခဲ့တဲ့ နေအိမ်တစ်ခုအတွက် ပြန်ဖို့ သူဆုံးဖြတ်လိုက်တယ်။ အဒေါ်အိမ်မှာ ခိုကပ်နားနေတဲ့ တကွဲတပြား မောင်ညီမတွေအတွက် သူပြန်ခဲ့ပါတယ်။ အောင်မြင်မှုတွေ ပွေ့ပိုက်ပြီး ပြန်ခဲ့သူ မဟုတ်ပေမယ့် ကံကြမ္မာဆိုးတွေကို ရင်ဆိုင်ရဲသူအဖြစ် ဘဝသင်္ခန်းစာ တစ်ပွေ့တပိုက်နဲ့ လေလွင့်သူတစ်ယောက် အိမ်ကို ပြန်ခဲ့ပါပြီ...

Monday, February 28, 2011

မွေးမြေတစ်ခေါက်အလည်ရောက်

အမိမြေသို့အဆင်း


ကျွန်တော့်အားသယ်ဆောင်ခဲ့သောလေယာဉ်ကြီးကားတဖြည်းဖြည်းနှင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဆီသို့ဦးတည်ချည်းကပ်လာလေပြီ။ကောင်းကင်မှအမိမြေအားစေတီလေးများ၊စိမ်းလန်းသောမြေကွက်များ၊အစီအရီရှိနေသောလူနေအဆောက်အအုံခေါင်းမိုးများကိုလွမ်းမောဖွယ်တွေ့ မြင်ရသည်။

”အမိမြန်မာနိုင်ငံအားကောင်းကင်ပေါ်မှစီးတွေ့ ရစဉ်။”


”ရန်ကုန်မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း”


သြော်…အမိမြေသို့နောက်တစ်ခေါက်ခြေချလာခဲ့လေပေပြီ။လေယာဉ်ဘီးမြေပေါ်ခြေချဆင်းသက်ပြီးနောက်လုံးဝစက်များရပ်တန့်သွားချိန်တွင်မတော့လေယာဉ်ပြတင်းပေါက်မှအပြာရောင်ဝတ်ထားသောအသားညိုညိုလေယာဉ်ဝန်ထမ်းများမြေပြင်တွင်ဆိုင်ရာတာဝန်များဆောင်ရွက်နေသည်ကိုတွေ့ ရှိရသည်။ခရီးသည်များအားတိုးဝှေ့ဆင်းသက်ပြီးလေယာဉ်ကွင်းဆိုက်ရောက်ခန်းမထဲသို့ဝင်ရောက်လာသည်နှင့်ခံစားချက်အတွေးနှစ်ခုစိတ်ထဲသို့ဝင်ရောက်လာသည်။တစ်ခုကမိမိမွေးရပ်မြေသို့ပြန်ရောက်လာပြီဖြစ်၍၀မ်းမြောက်ပီတိဖြစ်မိခြင်းနှင့်တစ်ပြိုင်နက်နောက်တစ်ခုစဉ်းစားမိသည်ကရက်အတန်ကြာနေထိုင်အပြီးဤနေရာမှပင်လျှင်မြန်မာပြန်မှပြန်လည်ထွက်ခွာလာရမည့်အရေးတွေး၍ရင်မောစိတ်မကောင်းဖြစ်ရခြင်းပင်ဖြစ်သည်။မြန်မာပြည်သို့ပြန်ရောက်တိုင်းထိုခံစားမှုအတွေးတို့ကစိတ်ထဲတွင်တည်ရှိမြဲဖြစ်သည်။ငယ်စဉ်ကလိုမြန်မာပြည်တွင်သာအမြဲနေထိုင်နေရလျှင်ဘယ်လောက်ကောင်းလိမ့်မလဲဟုလည်းတွေးမိတတ်သည်။လေယာဉ်ကွင်းစက်လှေကားကဆင်းလျှင်ပထမဆုံးပြုလုပ်မိသည့်အပြုအမူသည်ကားအိမ်မှဘယ်သူတွေများငါ့လာကြိုနေမလိမ့်လဲဟုအပြင်ဘက်လာကြိုသူများဆီသို့မျက်စိအလိုအလျှောက်ဝေ့၀ဲမိခြင်းပင်ဖြစ်သည်။အသက်အရွယ်သာကြီးပြင်းသွားသော်လည်းသည်အပြုအမူကတော့ရှိဆဲပင်။လာကြိုနေသည့်လူအုပ်များကြားတွင်အသက်အတန်ကြီးပြီဖြစ်သော်လည်းအမြဲရင့်ကျက်တည်ငြိမ်တတ်သောအမေ့အားအပြုံးဖြင့်ဆီးကြိုနေသည်ကိုတွေ့ ရသည်။အရင်လိုအဖေ့အားမမြင်တွေ့ ရတော့ပြီဖြစ်၍စိတ်ထဲတွင်တော့စိတ်မကောင်းလှ။လူဝင်မှုကြီးကြပ်ရေးဖြတ်၊ခရီးဆောင်အိတ်များရွေး၊အကောက်ခွန်ဖြတ်ပြီးအပြင်ထွက်လာသည်နှင့်ထုံးစံအတိုင်းခရီးသည်အိတ်ကိုစေတနာဘလပွနှင့်အလုအယက်ကူထမ်းပေးမည့်ဝန်ထမ်းများအားရင်ဆိုင်ရသည်။တကယ်တော့သယ်လာသည့်အိတ်များကဘာမှမလေးလှ၊ကိုယ့်ကိုကိုယ်သယ်လည်းရသော်လည်းသယ်ခွင့်ရရ၊မရရရခြင်္သေ့ခေါင်းပေးရသည်မို့သူတို့ကိုသာပေးသယ်လိုက်ရသည်။သြော်… ”ရောမရောက်တော့ရောမလိုကျင့်ရသည်”ဆိုသည်မှာသည်အဖြစ်ကားတယ်မှန်သည်ပဲလား။



လေဆိပ်မှမြို့တွင်းသို့

အတွင်းတွင်ပဲလား၊မဟုတ်သေးချေ။အပြင်တွင်လည်းခရီးသည်ခေါ်နေသောအဌားယာဉ်မောင်းသမားများအစီအရီကိုတွေ့ လိုက်ရသည်။အလျင်းသည့်ရာကားတစ်စီးပေါ်သို့တက်မိချိန်တွင်တော့ခြင်္သေ့အစိမ်းရောင်ခေါင်းလေး၊ငါးရွက်လောက်လေထဲမျှောသွားသည်။လေဆိပ်မှမြို့ထဲသို့တက္ကစီခပေးရခြင်းပင်။အယင်ကနှင့်သိပ်မတူတော့သည်ကလေဆိပ်တွင်ပုဂ္ဂလိကအဌားယာဉ်လိုင်းနှစ်လိုင်းလေဆိပ်မြို့တွင်းပြေးဆွဲနေခြင်းပင်။လမ်းတွင်တက္ကစီသမားနှင့်စကားစမြည်ပြောမိပြီးသူက”ကျွန်တော်တို့ကပါရမီကပါ”ဟုဆိုလာသည်။ပါရမီမှာနေထိုင်သောကားသမားဟုသဘောပေါက်မိလျှင်မှားပြီဟုသာယူဆလိုက်ပါ။ပါရမီကားလိုင်းကဟုဆိုလိုခြင်းဖြစ်သည်။သူကပဲဆက်ပြောသည်ကအခြားလိုင်းတစ်လိုင်းနှင့်ခရီးသည်အလှည့်ကျတင်ရကြောင်း၊သူ့ကာလိုင်းကဦးကျွမ်းဆိုလား၊ဦးကွိုင်ဆိုလားမြန်မာပြည်တိုက်ဂေါင်း(အင်္ဂလိပ်လိုသူဌေးကြီးဟုဆိုလိုခြင်းဖြစ်သည်)ရဲ့ဖောင်ဒေးရှင်းအောက်ကအခွဲကုမ္ပဏီအောက်ကဟုဆိုသည်။မြန်မာပြည်တွင်ယခုအခါသန်းကြွယ်သူဌေးများလည်းရှိလာလေပြီ။ဥပမာဆိုရလျှင်ဦးရွေှ့သွေး၊ဦးကွိုင်၊ဦးချော်ချော်စသည်တို့ပင်(အသက်ကြီးပြီဖြစ်၍နာမည်များသိပ်မမှတ်မိတော့)။လေရှည်နေသည်ကိုအတိုချုပ်ရလျှင်တော့လူမပန်းသော်လည်းစိတ်မပန်းတပန်းနှင့်ရန်ကုန်မြို့ ထဲသို့ပြန်ရောက်လာခဲ့သည်ဟုဆိုရပေမည်။



အပြောင်းအလဲမြင်ကွင်းများ

လမ်းတစ်လျှောက်တွင်အရင်ကထက်စာလျှင်ကြေငြာဆိုင်းဘုတ်များ၊ဆောက်လက်စနှင့်ဆောက်ပြီးစအဆောက်အအုံမြင့်များ၊ကုန်တိုက်အသစ်များတိုးလာသည်ကိုသတိပြုမိသည်။မော်တင်ဘက်ရောက်သော်မော်တင်ဂျွိင့်(ဂျမ်းရှင်း)စင်တာ၊ဘုန်းကြီးလမ်းထိပ်တွင်ချိုင်းနားတောင်းဂျွိင့်စင်တာ၊ပြည်လမ်းစိန်ဂေဟာမျက်နှာချင်းဆိုင်တွင်တော်ဝင်စင်တာအစရှိသည်ဖြင့်တစ်ဂွိုင့်တည်းဂွိုင့်၊စင်တာပြီးရင်းစင်တာအသစ်များကိုတွေ့ ရှိရသည်။

“ပြည်လမ်းစိန်ဂေဟာမျက်နှာချင်းဆိုင်တွင်တည်ရှိသောတော်ဝင်စင်တာ(၂၀၁၁၊ဖေဖော်ဝါရီလတွင်စတင်ဖွင့်လှစ်)“


“ယခင်မော်တင်ဈေးကိုဖျက်ဆောက်ထားသောမော်တင်လမ်းနှင့်အနော်ရထာလမ်းထောင့်ရှိမော်တင်စင်တာ“


“ကမ္ဘာအေးဘုရားလမ်းပေါ်ရှိဂမုန်းပွင့်စင်တာ“


“ဘုန်းကြီးလမ်းနှင့်မဟာဗန္ဓုလလမ်းထောင့်ရှိချိုင်းနားတောင်းပွိုင့်စင်တာ(ယခင်ဘုန်းကြီးလမ်းရဲစခန်း)“


စိတ်ထဲတွင်တွေးမိသည်ကားဤကုန်တိုက်များကားစင်ကာပူနိုင်ငံရှိပွိုင့်များ၊ဂွိုင့်များနှင့်ညီအစ်ကိုတော်လောက်သည်ဟူ၍။အကြောင်းရင်းကားစင်ကာပူနိုင်ငံတွင်လည်းအမြန်မြို့တွင်းရထားမှတ်တိုင်တစ်မှတ်တိုင်တိုင်းတွင်ပွိုင့်တစ်ပွိုင့်(သို့မဟုတ်)ဂွိုင့်တစ်ဂွိုင့်ရှိခြင်းပင်။ထူးဆန်းလွန်းလှချေတကား။ဘာပဲပြောပြောရန်ကုန်မြို့ကြီးကတော့အရင်ကထက်ဖွံ့ ဖြိုးတိုးတက်လာသည်မှာငြင်းမရပေ။သို့သော်တရုတ်တန်းရှိတစ်ချို့လမ်းများ(ဥပမာလမ်း၂၀အပေါ်လမ်း)ကားစတိုင်ထွင်ထားသည်လား(မိုးကြီးလျှင်ရေမတက်လာအောင်ကာကွယ်ထားသည်လားမသိ)လမ်းတစ်ဝက်ကိုပလက်ဖောင်းလိုမြှင့်တင်ထားသည်ကိုတွေ့ ရသည်။မြင့်လှသည့်အတွေးအခေါ်နှင့်နည်းပညာပင်။



လူနေမှုမတူမှုတွေကအဖုံဖုံ

ရန်ကုန်မြို့သည်ကားလူတန်းစားအလွှာစုံ၊အရောင်စုံရှိဆိုသည်မှာမမှားချေ။အရာရာတိုင်းသည်အချိန်ကြာမြင့်လာကပြောင်းလဲယိုယွင်းတတ်သည်ကိုသက်သေပြသည်လားမသိ။ယခင်ကအ၀တ်နွမ်းနွမ်းပါးပါးဝတ်ထားသောကာယလုပ်သားများကားယခုအခါအများစုမှာအ၀တ်မကပ်နိုင်တော့။ယခင်ကအဖာထေးအတန်သင့်ရှိသောအကျီ င်္များမှလည်းရာထူးတက်၍အပေါက်များတိုးလာလေပြီ။ဂျင်းဘောင်းဘီ၊အကျီ င်္နွမ်းနွမ်းကိုအပေါက်နှင့်ဝတ်တတ်သောနိုင်ငံခြားသားများကိုအတုခိုးဝတ်လေလားမသိ။အရောင်နွမ်းနွမ်း၊အပေါက်များပါသောအကျီ င်္ဝတ်သည့်သူများပိုများလာသည်။

”၀မ်းရေးအတွက်တစ်လမ်းဝင်တစ်လမ်းထွက်အနုပညာဖြင့်ဝမ်းစာရှာနေသူတစ်ဦး”

”လမ်းဘေးတွင်မုန့်လက်ဆောင်းရောင်းနေသူတစ်ဦး”

”လမ်းဘေးတွင်ရောင်းဝယ်ဖောက်ကားနေကြသောဈေးသည်များ”

တိုးတက်သည့်သူများလည်းတိုးတက်လာကြသည်။ယခင်ကလမ်းဘေးတွင်ကလေးအရုပ်ရောင်းသည့်သူမှာယခုအခါဆိုင်နှင့်ကနားနှင့်၊ရွှေရောင်းသူများကားမပြောနှင့်ယခင်ကဆိုင်သေးသေးနှင့်အကယ်ဒမီရုပ်ဆိုင်းဘုတ်တတ်ထားသောရွှေဆိုင်မှာယခုအခါတိုက်ကြီးဆိုင်ကြီးဆိုင်းဘုတ်ကြီးတွေနှင့်။မနက်မိုးသောက်သည်နှင့်ကာယအားသုံး၍၀မ်းစာရှာထွက်ရသူများအများအပြားရှိသလို၊ကုန်တိုက်စတိုးဆိုင်ဖွင့်သည်နှင့်ရှိုးစမတ်ကျကျနှင့်တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဈေးပတ်ဝယ်နိုင်သူများလည်းဒုနဲ့ဒေးပင်။ယခင်ကပုလင်းသောင်းနှင့်သိန်းနှင့်ချီစကားပြောတတ်သောပုလင်းရောင်းသမားများကားယခုအခါအဆင့်မြင့်၍ပုန်း(ပုံး)များကိုထောင်နှင့်သောင်းနှင့်ချီပြောဆိုနေကြသောအဆင့်မြင့်ပုံးရောင်းသမားများဖြစ်ကုန်ကြလေပြီ။မုန့်ဟင်းခါး၊လက်ဖက်ရည်၊ကြေးအိုးတို့ပင်လျှင်အဆင့်တိုး၍ရိုးရိုး၊ရှယ်အပြင်ထူးရှယ်ပါရှိလာကြလေပြီ။
”၃၀၀ကျပ်တန်ကော်ဖီ”


”၁၅၀၀ကျပ်တန်ကော်ဖီ”


ကော်ဖီတစ်ခွက်ကိုလည်းဈေးအမျိုးမျိုးနှင့်ပေးသောက်နိုင်သည်။၃၀၀၊၄၀၀တန်ကော်ဖီကအစ၁၆၀၀တန်ကော်ဖီအထိအဆင့်ဆင့်ရှိလေသည်။တိုးတက်သွားသည်များကားအလှမ်းမမှီနိုင်တော့။လက်ကိုင်ဖုန်းကိုင်သူများပိုများပြားလာကြသည်။သို့သော်မြန်မာနိုင်ငံ၏ဟင်းဖုန်းကအဆင့်မြင့်သည်။အတန်းတန်းအစားစားရှိလေသည်။လက်လှမ်းမှီသလောက်ပြောရလျှင်၅သိန်းတန်ဖုန်း၊ကမ်းရိုးတန်းဖုန်း၊စီဒီအမ်အေဖုန်း၊ခြင်းဖုန်း၊လိုင်းဖုန်းစသည်များပင်။ဖုန်းအမျိုးအစားကလည်းအစုံပင်အသေးအကြီး၊အင်တီနာအတိုအရှည်၊ဘယ်အရပ်ရောက်လျှင်ဘယ်အရပ်နှင့်ဆိုင်သောဖုန်းသုံးရသည်။လူတစ်ယောက်ဖုန်းမျိုးစုံကိုင်ထားရမည့်အနေအထားတွင်ရှိသည်။



သွားရေးလာရေးအကြောင်းတစေ့တစောင်း

ဘတ်စကားများကားငယ်စဉ်ကရှိသောသစ်သားဘစ်စကား၊ဟီးနိုးများမတွေ့ ရသလောက်ပေ။ကိုရီးယား၊ဂျပန်၊တရုတ်တို့မှဝင်လာသောစက်ကင်းဟင်းဘတ်စ်ကြီးများကိုသာတွေ့ ရသည်။ဘတ်စကားစီးသူများထံမှငြီးငြူသံကြားရသည်။ခရီးသည်အားနှင့်ဘတ်စကားစင်းရေမလောက်ငဟူ၍။သို့သော်ကျွန်တော်တွေ့ ရသည်ကရိုးရိုးလိုင်းကား(ကျပ်50တန်)ပေါ်တွင်ခရီးသည်များကြပ်သိပ်နေပြီး၊အထူးကား(ကျပ်၂၀၀တန်)ကားများပေါ်တွင်ကားချောင်ချိနေခြင်းပင်။တတ်စွမ်းရှိသရွေ့ စဉ်းစားမိသည်ကအထူးကားများအစင်းရေလျှော့ချပြီး၊ရိုးရိုးလိုင်းကားများအစင်းရေတိုးဆွဲလျှင်ခရီးသည်နှင့်ဘတ်စကားအခက်အခဲအတော်အတင့်ဖြေရှင်းသွားနိုင်ဖွယ်ရာရှိသည်ဟူ၍။
”လမ်းပေါ်တွင်ဆိုက်ကားနင်းစားနေသောဆိုက်ကားဆရာတစ်ဦး”


ရန်ကုန်မြို့တွင်အခြားနိုင်ငံမြို့များနှင့်မတူနီးနီးနားနားသွားလျှင်သင့်လျော်သောသွားလာရေးယာဉ်မှာငယ်စဉ်ကအနှေးယာဉ်ဟုခေါ်သောဆိုက်ကားများပင်။ငယ်စဉ်ကတည်းကယနေ့အထိမတိမ်ကောသွားသောယာဉ်အမျိုးအစားကိုပြပါဆိုလျှင်ဆိုက်ကားကိုပင်ပြရပေမည်။ဆိုက်ကားဆရာများအနေဖြင့်ကိုယ်ကာယစိုက်ထုတ်၍ခရီးသည်များကိုလိုရာနေရာလိုက်ပို့ပေးရ၍ပင်ပန်းသော်လည်းခရီးသည်များအနေဖြင့်ခရီးတိုတိုထွာထွာကိုတက္ကစီလောက်ဈေးမကြီးပဲကိုယ်ပိုင်အလွယ်တကူဌားသုံးနိုင်သောသွားလာရေးယာဉ်တစ်ခုပင်ဖြစ်သည်။သို့ရာတွင်ဆိုက်ကားနင်းသောကာယလုပ်သားများအနေဖြင့်မိမိခရီးသည်၏အသက်ကိုယ့်လက်ထဲမှာရှိသည်ဟုမှတ်ယူ၍ယာဉ်စည်းကမ်းလိုက်နာနင်းကြရရန်လည်းလိုအပ်လှပေသည်။ကျွန်တော်ကိုယ်တိုင်အပြင်သွားလျှင်အများအားဖြင့်လမ်းလျှောက်(သို့မဟုတ်)ဘတ်စကားစီးသွားသည်သာများသော်လည်းတစ်ခါတစ်ရံညဖက်ခြေကုန်လက်ပန်းကျ၍လမ်းမလျှောက်နိုင်သောအခါအားထားရသည်ကတော့အနှေးယာဉ်များပင်။ရန်ကုန်ရှိကားများသုံးသောလောင်စာမှာလည်းအမျိုးမျိုးပင်။ဓာတ်ဆီ၊ဒီဇယ်ဆီ၊မီသိန်း၊ဂက်စ်အစရှိသည်ဖြင့်။ဓာတ်ဆီတန်းစီရသည့်ဒုက္ခကလည်းမသေးချေ။ကိုင်းတန်းရှိဓာတ်ဆီဆိုင်တစ်ဆိုင်တွင်ဓာတ်ဆီဖြည့်ရန်စောင့်နေသည့်ကားတန်းမှာဘုန်းကြီးလမ်းအောက်လမ်း၊ကမ်းနားလမ်းရောက်သည့်အထိပင်တန်းစီရသည်။မလွယ်ကြောပင်။


”တရုပ်တန်းတွင်နှစ်ကူးနီးလာသောရက်များရောင်းဝယ်ဖောက်ကားသူများနှင့်ပြည့်နှက်သည်နေကိုတွေ့ ရစဉ်”


တရုတ်တန်းနှစ်ကူးသည်ကားယခင်အတိုင်းပင်။ဈေးသွားဈေးလာများနှင့်ကြက်ပျံမကစည်ကားလှသည်။ဒုက္ခရောက်ကြသည်ကခရီးသည်များနှင့်ဘတ်စကားဒရိုင်ဘာများပင်လမ်းမတော်လမ်းမှနေ၍လသာလမ်းအထိတရုတ်နှစ်ကူးနီးရက်တစ်ပတ်အလိုမှစ၍ကားလိုင်းပိတ်၍ကမ်းနားလက်လှည့်မောင်းရသည်။ကိုယ်ပိုင်ကား၊ဘတ်စကား၊ကုန်တင်ကား၊ဆိုက်ကာများနှင့်ကမ်းနားလမ်းတောက်လျှောက်ကြပ်သိပ်နေသည်။မောင်းကြသည့်ကားများမှာလည်းစည်းကမ်းတကျမရှိဗရမ်းဗတာမောင်းကြ၍ယာဉ်တိုက်မှုဖြစ်ပွားရန်အခွင့်အလမ်းမှာစက္ကန့်တိုင်းမှာရှိနေသည်။ဈေးစည်းကမ်း၊လူစည်းကမ်း၊ကားစည်းကမ်းများစနစ်တကျလိုက်နာကြဖို့လိုအပ်သည်ဟုထင်မိသည်။သို့မှာသာအန္တရာယ်ကင်ကင်းစိတ်ရှင်းရှင်းဖြင့်ရောင်းဝယ်ဖောက်ကားခရီးသွားလာနိုင်ကြမည်ဖြစ်သည်။



ငယ်စဉ်ဘ၀ကွာခြားလှ

လူများကားခေတ်စနစ်၏ပြောင်းလဲမှုကြောင့်လား၊စားဝတ်နေရေးကြောင်းလားမသိ၊တစ်ကိုယ်ကောင်းပိုဆန်လာကြသည်၊စာနာစိတ်များနည်းပါးသွားကြသည်၊ကိုယ်ပြီးလျှင်ပြီးရောစိတ်များ၊ဖြစ်သလိုနေတတ်သည့်စိတ်များ၊အလိုမကျဒေါသစိတ်များပိုမိုများပြားလာသည်ဟုထင်သည်။အပျော်အပြုံးများလည်းလျော့နည်းပျောက်ကွယ်ကုန်ကြလေပြီ။ငယ်စဉ်ကပတ်ဝန်းကျင်နှင့်မတူခြားနားနေကြသည်။ငယ်စဉ်ကတက်ဖူးရာဒဂုံကျောင်းဝန်းကျင်သို့လည်းရောက်ဖြစ်သည်။ယခင်ကတိုက်ပုလေးများ၊ပျဉ်ထောင်အိမ်များ၊တဲစုတ်များမရှိကြတော့။ထိုနေရာများတွင်ကားအဆင့်မြင့်တိုက်မြင့်အိမ်ရာတိုက်တန်းများ၊အင်တာနက်ကဖီး၊ကော်ဖီဆိုင်၊စားသောက်ဆိုင်၊စတိုးဆိုင်များကအစားထိုးနေရာယူလျက်ရှိသည်။ယခင်ကျောင်းတက်ကျောင်းဆင်းချိန်ရောင်းတတ်သောလမ်ဘေးဈေးသည်များ၊ဈေးဆိုင်များ၏အသွင်သရုပ်သည်လည်းမတူညီကြတော့။ယခင်ကတိုရှည်၊ပူရီ၊စမူဆာ၊ဗယာကြော်များရောင်းသော်လည်းယခုအခါဟမ်ဘာကာ၊ဆင့်(ထ်)၀က်(ခ်ျ)၊ဆူရှီ၊ဟော့ဒေါ့များကအစားထိုးရောင်းချလျက်ရှိသည်။
”ဒဂုံကျောင်းအနီးရှိလမ်းသွယ်ထဲတွင်ကျောင်းဆင်းကျောင်းတက်ချိန်ကားများဖြင့်ပြည့်ကျပ်နေသည်ကိုတွေ့ ရစဉ်။”


မပြောင်းလဲသည်ကတော့အ၀တ်အစားတောက်တောက်ပြောင်ပြောင်၊ရွှေရောင်ငွေရောင်တလက်လက်နှင့်ကျောင်းသားမိဘများကျောင်းလမ်းထဲကျောင်းတက်ကျောင်းဆင်းချိန်တွင်ပြည့်ကြပ်နေတတ်သောကားကြီးကားငယ်အသွယ်သွယ်များပင်။



တရုတ်ဘုရားကျောင်း

တရုတ်နှစ်ကူးနှစ်ဆန်းတစ်ရက်နေ့တွင်ရန်ကုန်ရှိတရုတ်ဘုရားကျောင်းမျာသို့သွားရောက်လည်ပတ်ဖြစ်သည်။ကမ်းနားလက်ရှည်ဘုံကျောင်း၊ကုက္ကိုင်း၊ကော့လော့စီ၊ကွမ်းရင်းစီအစရှိသည်ဖြင့်။ကမ်းနားဘုံကျောင်းနှင့်ကုက္ကိုင်းဘုရားကျောင်းများမှာပြန်လည်မွန်းမံပြုပြင်ထားသဖြင့်သစ်သစ်လွင်လွင်နှင့်အမြင်ခံစားမှုမဆိုးလှချေ။ကော့လော့စီကတော့အယင်အတိုင်းဘာမှသိပ်အပြောင်းအလဲမရှိချေ။

“လမ်းမတော်ကမ်းနားလမ်းပေါ်ရှိခိန့်ဟုတ်(ဖူကျင့်)ဘုရားကျောင်း“


“ကုက္ကိုင်းကမ္ဘာအေးဘုရားလမ်းပေါ်ရှိဖုစန်းဘုရားကျောင်း“


”ကမ္ဘာအေးဘုရားလမ်းပေါ်ရှိကေလော့စီတရုတ်ဘုရားကျောင်း”


”ရွှေတိဂုံဘုရားအနီးရှိကွမ်းရင်းစမ်းတရုတ်ဘုရားကျောင်း”


သိပ်ဘ၀င်မကျမိသည်ကအချို့ သောဘုရားကျောင်းများ၏အုပ်ချုပ်မှုစနစ်ပင်၊ဘုရားကျောင်းဆိုသည်မှာ

(၁)ဘုန်းတော်ကြီးများတရားအားထုတ်မွေ့ လျော်သည့်နေရာ
(၂)ဒါယကာဒါယကာမများ၏သာရေးနာရေးပံ့ပိုးကူညီသည့်နေရာ
(၃)့ဘုရားဖူးဧည့်သည်များစိတ်ချမ်းမြေ့စွာဘုရားဖူးလည်ပတ်သည့်နေရာများသာဖြစ်သင့်သည်။ဘုရားကျောင်း၏ဘဏ္ဏာကိုလိုသည်ထက်ပိုသောမွမ်းမံခြင်းများ၊ဘုရားကျောင်းပရိဝုတ်အတွင်းဘုရားကျောင်းရံပုံငွေအတွက်အလှူကောက်ခံခြင်းများမှအပအခြားစီးပွားရေးဆန်ဆန်လုပ်ငန်းများမဆောင်ရွက်သင့်ဟုထင်မြင်မိသည်။



ဘုရားရိပ်၊တရားရိပ်သည်သာအအေးမြဆုံး

အရာရာပြောင်းလဲနေသောရန်ကုန်မြို့ပြကြီးတွင်အမြဲမပြောင်းမလဲနေသည်ကတော့ဘုရားရိပ်တရားရိပ်ပင်။အပြင်လောကတွင်အဘယ်မျှပူပင်ရှုတ်ထွေးနေစေကာမူ၊ရန်ကုန်ရှိတန်ခိုးကြီးဘုရားပုထိုးရိပ်သို့ရောက်သွားသည်နှင့်စိတ်အေးချမ်းကြည်လင်ချမ်းမြေ့သွားသည်ပင်။အဓိကအားဖြင့်လေးဆူဓာတ်ပုံရွှေတိဂုံဟုခေါ်ဆိုအပ်သောရွှေတိဂုံဘုရားရိပ်တရားရိပ်သို့ရောက်သွားသည်နှင့်စိတ်သန္တန်အေးချမ်းသွားမြဲဖြစ်သည်။

”ရွှေတိဂုံဘုရားကြီးအားညချမ်းအချိန်တွင်ကြည်ညိုသပ္ပာယ်စွာဖူးတွေ့ ရစဉ်။”


”ရွှေတိဂုံဘုရားကြီးအားစောင်းတန်းများနှင့်အတူဖူးတွေ့ ရစဉ်။”


အချုပ်ဆိုရလျှင်ကျွန်တော့်အဖို့အမိမြေရောက်တိုင်းကိုယ်ကိစ္စဆောင်ရွက်စရာရှိတာဆောင်ရွက်ပြီးအားလပ်ချိန်များတွင်စိတ်ပါလက်ပါလုပ်တတ်သည့်အကျင့်တစ်ခုကတော့ယခင်ကသွားလေ့သွားထရှိသောနေရာများကိုသွားပတ်တတ်ပြီးယခင်နှင့်ယခုမတူညီမှုများကိုနှိုင်းယှဉ်ခံစားကြည့်တတ်ခြင်းပင်။အခြားသူများတော့ဘယ်လိုခံစားမည်မသိ၊ကျွန်တော့်အဖို့တော့အမိမြေပြန်ရောက်တိုင်းတိုးတက်လာသည်များကိုကြည့်၍ကိုယ့်ပြည်အတွက်ဝမ်းမြောက်မိသလိုဆင်းရဲချို့ တဲ့သောသူတို့၏ဘ၀ကိုမြင်တွေ့ ရပါကလည်းစိတ်ထဲတွင်စိတ်မကောင်းဖြစ်မိပြီးကိုယ်တတ်အားသရွေ့ ထိုသူများကိုကူညီချင်သောအာသီတဖြစ်မိသည်။မိမိနည်းတူမြန်မာနိုင်ငံတွင်းမှသော်လည်းကောင်း၊ပြည်ပမှသော်လည်းကောင်းစားနိုင်သောက်နိုင်သူများအနေဖြင့်လည်းအခွင့်အခါသင့်ပါကကိုယ့်မွေးရပ်မြေအတွင်းရှိဆင်းရဲနွမ်းပါးချို့ တဲ့သူများကိုတတ်အားသရွေ့ ကူညီစေချင်သောဆန္ဒဖြစ်မိသည်မှာအမှန်ဖြစ်သည်။အထက်တွင်ဖော်ပြထားသောအကြောင်းအရာများကားကျွန်တော်အမိမြေပြန်ရောက်သည့်အခါတိုင်းတွေ့ ရမြင်ရခံစားရသမျှကိုအရိုးရှင်းဆုံးခံစားဖော်ပြထားခြင်းဖြစ်သည်။မည်သူ့ ကိုမှထိခိုက်နစ်နာစေရန်မရည်ရွယ်ခြင်းမဟုတ်ပဲကိုယ့်ရပ်ကိုယ့်မြေကိုတိုးတက်ဖွံ့ ဖြိုးစေချင်သောစေတနာဖြင့်သာရေးသားခြင်းဖြစ်ပေသည်။  ။