Tuesday, July 21, 2009

ဂီတနှင့်ကျွန်တော်

”ညအခါ၊လသာသာ၊ကစားမလား၊နားမလား။” ဟုငယ်ငယ်တုန်းကသူငယ်တန်းဖတ်စာထဲမှာဖတ်ဖူးသည်။ ကျွန်တော့်အဖို့ တော့ ကလေးဘ၀က လသာညများသည် သူများကလေးတွေနှင့်မတူ လမ်းပေါ်ထွက်မကစား၊ နားနားနေနေလည်းမနေ၊ အထူးသဖြင့် ရန်ကုန်မြို့၏ လျှပ်စစ်မီးပျက်ညများဆိုလျှင် ၀ရန်သာတွင်လှဲအိပ်၊ ကောင်းကင်က ၀ိုင်းဝိုင်းစက်စက်လမင်းကြီးကိုကြည့်ကာ ကိုယ်အလွတ်ရသော သီချင်းပေါင်းများစွာကိုသီဆိုခဲ့သည်သာဖြစ်သည်။ သုံးလေးနှစ်သားကအကြောင်းတွေကိုသိပ်မမှတ်မိပေမယ့် မိဘများပြန်ပြောချက်အရ ထိုအချိန်က အိမ်နံရံတွင် မတ်တပ်ရပ်မခိုင့်တစ်ခိုင်ဖြင့်ဖင်ပွတ်ရပ်ကာ ကလေးကစားစရာသစ်သားဂစ်တာလေးကိုကိုင်ကာ ဗိုလ်ထီး(စိုင်းထီးဆိုင်)သီချင်းများကိုအပီဟဲတတ်သည်ဟူ၍။

ကလေးလေးကတည်းက သီချင်းများကြိုက်တတ်သော ကျွန်တော်သည် ကျောင်းတက်သောအချိန်ရောက်တော့လည်းသီချင်းများနဲ့မကွဲကွာ၊ကျွန်တော်နှင့်ဝါသနာတူသောကျွန်တော့်ဝမ်းကွဲအမ(ကျွန်တော့်ထက်၎၊၅နှစ်ခန့်ကြီးသူ)က သူသိသောကိုင်ဇာ၊စိုးပိုင်၊စိုးလွင်လွင်၊စိုင်းဆိုင်မောဝ်၊စိုင်းထီးဆိုင် သီချင်းစာသားများကို သီချင်းကြိုက်တတ်သောကျွန်တော့်အား တကူးတက သူ့ လက်ရေးနှင့်ကူးပေး၍ အလိုက်မရသောတစ်ချို့ သီချင်းများကို အားလပ်ချိန်တွင်ကျွန်တော့်အမက ကျွန်တော့်ကိုသင်ပေးမြဲဖြစ်သည်။

ငယ်ငယ်ကအဖေ၀ယ်ထားသောနေရှင်နယ်တံဆိပ်ကက်ဆက်တစ်လုံးရှိသော်လည်း ကလေးဘာသာဘာဝ လျှောက်နှိပ်လျှောက်ကလိတတ်၍ ခဏခဏပြင်လိုက်၊ပျက်လိုက်နှင့်မို့ နောက်ဆုံးအဖေဒေါကန်ပြီးရောင်းပစ်လိုက်ပြီးနောက် ထပ်မ၀ယ်တော့ပဲ ကျွန်တော်လူပျိုပေါက်ကျမှသာနောက်တစ်လုံးထပ်ဝယ်ပေးတော့သည်။ ကက်ဆက်မရှိသောကာလသ၌ ကျွန်တော့်အဖို့ သီချင်းနားထောင်ရာနေရာများကတော့ အိမ်ကရေဒီယိုအိုကြီးတစ်လုံး၊ လက်ဖက်ရည်ဆိုင်ကဖွင့်သောကက်ဆက်၊ လမ်းထဲတွင်အလှူ၊ပျော်ပွဲရွှင်ပွဲများလုပ်လျှင်ဖွင့်သောလော်စပီကာကြီးနှင့် သူငယ်ချင်း၊အမျိုး၊အမ၀မ်းကွဲအိမ်များတွင်ရှိသောကက်ဆက်များနှင့်သာအသက်ဆက်အမောဖြေရ၏။

ငယ်စဉ်ကမိသားစုစီပွားရေးမှာလည်းသိပ်အကောင်းကြီးမဟုတ်သဖြင့် သူများလိုရောင်စုံသီချင်းစာအုပ်မ၀ယ်နိုင်၊ ကိုယ်တိုင်မဂ္ဂဇင်း၊သူများဆီကဌားထားသောသီချင်းစာအုပ်(သို့ မဟုတ်)အပေါစားဖယောင်းစက္ကူနှင့်ရိုပ်နှိပ်ထားသောဝါကျင့်ကျင့်သီချင်းစာအုပ်များနှင့်သာအဖော်ပြုရလေသည်။ အရွယ်ရောက်သောအခါ ဆရာနှင့်စနစ်တကျ ဂစ်တာတီးသင်ချင်သော်လည်း ပိုက်ဆံကုန်မည်ကတစ်ကြောင်း အိမ်ကစာမဖတ်ပဲ လေသွားမည်စိုး၍ကတစ်ဖုံမသင်ဖြစ်ခဲ့။ အမေကရှစ်တန်းစာမေးပွဲကိုဂုဏ်ထူးငါးခုနှင့်အောင်၍ ယခင်၂၄လမ်းအောက်လမ်း (တိုက်တစ်လုံးဂစ်တာဆိုင်)တွင်ဂစ်တာတစ်လက်ဝယ်ပေးသည်။ သားအလိုကိုလိုက်တတ်သောအမေ့အားဒီနေ့ထိကျေးဇူးတင်နေမြဲ။ ဂစ်တာရလာတော့ အစ်ကိုဝမ်းကွဲ၊သူငယ်ချင်း၊ဂီတာတီးနည်းစာအုပ်များကိုမှီကိုး၍ ဘိဒ်ပျက်ဖြင့်ဂစ်တာတီးတတ်လာသည်။ နောက်တော့ slow go go/cha cha/slowလောက်ကိုမတတ်တခေါက်တီးတတ်လာသည်။ စိတ်ပျော်လည်းဂစ်တာတီး၊ စိတ်ညစ်လည်းဂစ်တာတီး အားလပ်ချိန်များတွင်တော့ဂစ်တာသည်သာကျွန်တော့်အဖော်ဖြစ်ခဲ့သည်။ အိမ်နောက်ဖေးတွင်ဂစ်တာတစ်လုံးနှင့်သီချင်းများဟစ်ဟစ်တတ်သည်မို့ အဖေကတောင်အမေ့အား “နင့်သားတော့ဂစ်တာတီးပြီးသီချင်းဆိုနေပြီ။ ဘာတွေဆိုနေမှန်းတော့မသိဘူး”ဟုတစ်ခါတစ်ရံကောင်းချီးပေးတတ်သေးသည်။

အဖေကက်ဆက်ဝယ်ပေးလိုက်သောနောက်တွင် ကက်ဆက်ခွေအဌားဆိုင်များက ကွုန်တော့်ဖောက်သည်များဖြစ်လာသည်။ ကျောင်းပိတ်လျှင်ခွေဌားဆိုင်တန်းပြေးခွေဌားနားထောင်၊ ကိုယ်ကြိုက်သောသီချင်းများရှိပါက ယခင်အိမ်နီးနားချင်းဆီးခွေအလွတ်တစ်ခွေ၊နှစ်ခွေဝယ်ပြီးသွား၊ ပြီးလျှင်စိတ်ကြိုက်သီချင်းအပုဒ်များရွေးကူးလိုက်၊နားထောင်လိုက်နှင့် အလုပ်ရှုပ်နေမြဲဖြစ်သည်။ (မှတ်ချက်။ ထိုအိမ်နီးချင်းအန်ကယ်နှင့်အန်တီတို့ မှာကျွန်တော့်တို့ နှင့်တစ်ကယ့်အမျိုးတွေလိုနေကြ၍ ကျွန်တော်ဘယ်နှစ်ခေါက်လာလာမငြီးမညူတံခါးဖွင့်ထားမြဲဖြစ်သည်။ ယခုစာရေးနေချိန်အထိသူတို့ အား အားလည်းနာ၊ကျေးဇူးလည်းအထူးတင်မိသည်။ သူတို့ ဝယ်ထားသော double cassetteမှာသူတို့ သုံးသည်ထက် ကျွန်တော်သုံးသည့်အခေါက်ရေကပိုများနေလိမ့်မည်ထင်သည်။)

ကျွန်တော်ဆယ်တန်းပြီးတော့ ထိုစဉ်က ပိုက်ဆံချမ်းသာသူမိဘများ သူတို့ သားသမီးများ ကိုးတန်း၊ဆယ်တန်းဖြေဆိုအောင်မြင်ရန်အတွက်study guide ခေါ်တတ်သောအကျင့်ရှိရာ ကျွန်တော်ကဆယ်တန်းကိုဂုဏ်ထူးအားလုံးဖြင့်အောင်မြင်သောအရှိန်နှင့် guideလုပ်စားလိုက်သေးသည်။ မနက်စောစော ၆နာရီခွဲ၊၇ နာရီဆိုအိမ်ကထွက်၊ တစ်ခါတစ်လေ နေ့ လည်စာ၊ညစာတောင်အိမ်ပြန်မစားဖြစ်၊ ည၁၀နာရီ၊ ၁၁နာရီမှအိမ်ပြန်ရောက်၍ နေ့ စဉ်လိုလိုနိစ္စဓူဝဒီလိုအချိန်ကုန်မြဲဖြစ်သည်။

သည်ကြားထဲအင်္ဂလိပ်စာနှင့်တရုပ်စာကျူရှင်ကိုအားရင်အားသလိုတက်လိုက်သေး၍ တစ်နေ့ ထဲမှာပင် ဆရာဖြစ်လိုက်၊ တပည့်ဖြစ်လိုက်နှင့်လုံးလည်ချာလည်ပတ်နေသည်။ တရုပ်ကျူရှင်ဆရာမက စာပိုဒ်များကိုအလွတ်ကျက်၊ အလွတ်ရေးခိုင်း၍ အချိန်မရ၍မဖတ်ရေးမိသောကြောင့်အဆူအဆဲခံရသောနေ့ များလည်းကြာလာတော့ဘာမှမထူးခြားတော့။

ထိုအချိန်ကဂီတနှင့်တခဏကင်းလွတ်သွားသည်ထင်ရသော်လည်း၊ အားလပ်သည့်အချိန်နည်းနည်းပါးပါးများတွင် သီချင်းနားထောင်မြဲ၊ ဂစ်တာတီးမြဲသာဖြစ်သည်။ ထိုစဉ်ကလခရလျှင် ပုံမှန်လုပ်ဖြစ်တာတစ်ခုရှိသည်။ တစ်လတခါတရုပ်သီချင်းခွေတစ်ခွေမှန်မှန်ဝယ်တတ်သည့်အကျင့်ဖြစ်သည်။ ထိုစဉ်က ခေတ်စားသော ၀မ်ကျယ်(王傑)၊ လျှိုတက်ဝှာ(劉德華)၊ ကောဖုချန်(郭富城)၊ ဖန်းမေကျန်း(繙美辰) စသည့်တရုပ်အဆိုတော်ခွေများတော်တော်များများဝယ်ဖြစ်သည်။ ခွေဝယ်၊စာအုပ်ဝယ်သည်ကလွဲ၍ကျန်သည့်ပိုလျှုံသည့်ငွေကို အိမ်ကိုအသုံးစရိတ်အဖြစ်အပ်မြဲဖြစ်သည်။ ထိုထိုအချိန်ကဖြစ်ပျက်ခဲ့သည်များကိုပြန်စဉ်းစားမိပါက လူပင်ပန်းသော်လည်း၊ အချိန်ကိုအပြည့်အ၀ အသုံးချခဲ့သဖြင့်ကျေနပ်အားရမိသည်။ ယခုလက်ရှိ အလုပ်တက်၊ထိုင်အလုပ်ဆင်း၊စား၊သောက်၊အိပ် အချိန်ကုန်သွားသည်ထက်စာလျှင်ကောင်းသေး၏။

ထို့ နောက်ထိုင်ဝမ်စာမေးပွဲဝင်ဖြေအောင်ပြီးနောက် ထိုင်ဝမ်တွင်၁၀နှစ်ကျော်လုံးလုံး စာဖတ်၊အလုပ်လုပ်၊ဘွဲ့ ရ၊အင်ဂျင်နီယာဝင်လုပ်၊အိမ်ထောင်ကျပြီး လက်ရှိသမီးပင်၂နှစ်ခွဲ၊ ၃နှစ်ထဲဝင်လာလေပြီ။ အချိန်များကုန်လွယ်ပြောင်းလဲမြန်ဆန်လိုက်သည်ဖြစ်ခြင်း။ ဂီတနှင့်သီချင်းကိုတော့အရင်လိုအချိန်များများမပေးနိုင်ပင်မယ့် ၀ါသနာကားတားမရသည်မို့  အားလပ်ချိန်များတွင်သီချင်းနားထောင်၊ သီချင်းဆိုမြဲဖြစ်သည်။ ဂစ်တာတီးချိန်ကတော့ နောက်ပိုင်းနည်းလွန်းလှသည်။ အမေကိုပြောဖူးသောစကားတစ်ခွန်းသတိရမိသည်။ “အကယ်၍ ကိုယ်ဝါသနာပါရာကိုသာ တစောက်မတ်မတ်လုပ်ရမည်ဆိုပါက ယခုဆိုလျှင်ကျွန်တော်အဆိုတော်တစ်ယောက်ဖြစ်ကောင်းဖြစ်နေလိမ့်မည်ဟူ၍။“

No comments:

Post a Comment