Wednesday, July 22, 2009

တေးသီချင်းကောင်းတစ်ပုဒ်ဆိုသည်မှာ…

တေးသီချင်းကောင်းတစ်ပုဒ်၏ အနက်အဓိပ္ပာယ်ကို ကျွန်တော့်အားဖွင့်ဆိုခိုင်းမည်ဆိုပါက “အဓိပ္ပာယ်ရှိသောသီချင်းစာသား၊ လှပနှစ်လိုဖွယ်သောတေးသွားသံစဉ် နှင့် ထိုစာသားတေးသွားများကိုပေါ်လွင်ထင်ရှားအောင်သီဆိုတင်ပြနိုင်သောအဆိုတော်“ ဟူသောတစ်ခုမှ လစ်ဟင်းမရနိုင်သော ဟန်ချက်ညီညီဖွဲ့ စည်းထားသည့် သုံးပွင့်ဆိုင်တြိဂံတစ်ခုဟုယူဆနိုင်ပါသည်။

အပြင်လောကတွင်မူ ခင်ဗျားတို့ ကျွန်တော်တို့ အကြားများသည်က“ဘယ်သီချင်းကို ဘယ်အဆိုတော်ဆိုသွားတာ နားထောင်လို .့တော်တော်ကောင်းတယ်ကွာ"လို့ သာကြားရမည်ဖြစ်ပြီး“ဒီသီချင်းကဘယ်သူရေးစပ်ပြီး၊ သံစဉ်ကဘယ်သူယူထားတာတော်တော်ချီးကျူးဖို .့ကောင်းတယ်”ဟုပြောတတ်သူမှာတော်တော်ရှားပေလိမ့်မည်။

ကျွန်တော့်အဖို့ မှာမူ ထိုသို့ ကြားရတိုင်း တေးရေး၊သံစဉ်ရေးစပ်သူများအတွက် အထူးစာနာမိပြီး သူတို့ အပေါ်မျှတမှုမရှိလှဟုထင်မိသည်။ သီချင်းကောင်းတစ်ပုဒ်၊ သံစဉ်ကောင်းတစ်ပုဒ်ဖြစ်လာရန်ဆိုသည်မှာ လေးလေးနက်နက်ရှိသော တေးရေးသူတစ်ယောက်အဖို့  ကိုယ်အသွေး၊အသား၊ဘ၀တစ်စိတ်တစ်ဒေသကို အများသိရှိစေရန် တေးသီချင်းအသွင်ဖြင့် ဖွင့်အန်ထုတ်ပြလိုက်ခြင်းသာဖြစ်သည်။ ထို့ ကြောင့်အသင်စာဖတ်သူကိုလည်းနောက်နောင်သီချင်းကောင်းတစ်ပုဒ်နားထောင်မိပါကဘယ်အဆိုတော်ဆိုသောဘယ်သီချင်းဖြစ်သည်ဟုသိရုံမျှဖြင့်ရပ်တန့် မနေပဲ သံစဉ်စာသားဘယ်သူရေးစပ်သည်အထိသိသင့်စေလိုသည်မှာ စာရေးသူကျွန်တော်၏စိတ်ဆန္ဒပင်ဖြစ်သည်။ လူဆိုသည်ကလည်း (ကျွန်တော်အပါအ၀င်) အခက်သား၊ အလေ့အကျင့်တစ်ခုကိုပြောင်းလဲဖို့ ဆိုတာတော်တော်ခဲယဉ်းသည်မို့ တိုက်တွန်းအကြံပေးခြင်းသာသင့်တော်ပြီး လုပ်သင့်မလုပ်သင့်ဆိုသည်မှာ လူတစ်ယောက်၏ ပင်ကိုယ်လွတ်လပ်ခွင့်သာဖြစ်သည်။

တေးရေး၊သံစဉ်၊တေးဆိုအားလုံးတစ်ယောက်တည်းဖြစ်သောအဆိုတော်များမှာအတန်ငယ်ရှားမည်ဟုထင်မိပါသည်။ ကျွန်တော်ငယ်စဉ်ကမှီခဲ့သော ကိုယ်ပိုင်သံစဉ်တေးရေးအဆိုတော်အချို့ မှာ ကိုင်ဇာ၊(စိုးလွင်လွင်၊ထူးအိမ်သင်၊ဗဒင်)အစရှိသူများဖြစ်သည်။ ကျွန်တော်နာမည်မဖော်ပြထားသော အခြားသူများလည်းရှိပါသေးသည်။ တရုပ်တေးလောကတွင်တော့ ကျွန်တော်သိသမျှ ၀မ်ကျယ်(王傑)၊၀ူချီရှန်(巫啟賢)၊ကျိုးကျယ်လွန်(周杰倫)၊၀မ်လိဟုန်(王力宏)အစရှိသည်ဖြင့်…။ တေးရေးသူအချို့ မှာ ဖန်းတထုံ[方大同](ကျိုးကျယ်လွန်သီချင်းတော်တော်များများကို ရေးပေးသူ)၊လီကျုံးစန့် (李宗盛)၊လော်တရို [羅大佑]့(နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်တတ်သူ)စသည်ဖြင့်အောင်မြင်ကျော်ကြားသောအနုပညာသမားတော်တော်များများပေါ်ထွက်ခဲ့သည်။

တေးဂီတတေးရေး၊တေးဆိုတစ်ယောက်တည်းဖြစ်တတ်သူများကိုသာ လူအများမှတ်မိလွယ်တတ်ကြပြီး တေးမဆိုသောတေးရေးဆရာများကိုသိပ်အသိတကျွမ်းမရှိကြ။ (ဥပမာ.. ညီညီစံ၊ ညီညီသွင်၊ မောင်မောင်ဇော်လတ်၊ နိုင်မြန်မာ စသည်ဖြင့်…) ဂျေညီညီဆိုဖူးသော ”ဒီမိုး”သီချင်းရေးသူများထဲတွင် ဗဒင်တစ်ယောက်အပါအ၀င်ဖြစ်သည်ဟုသိသူနည်းလိမ့်မည်ဟုထင်ပါသည်။။ တစ်ချို့ ကော်ပီတေးရေးသူမင်းချစ်သူ၊၀င်းမင်းထွေး၊မောင်သစ်မင်းများကိုတော့ လူသိများကြလေသည်။ သီချင်းကောင်းရေးတတ်သူတိုင်း သီချင်းဆိုတတ်ကြသည်မဟုတ်ပါ။ ကျွန်တော်သည်ကား ကဗျာမတောက်တခေါက်ရေးတတ်သော်လည်း သီချင်းမရေးတတ်ပါ။ သီချင်းရေးရာတွင် ကျွန်တော်အနေဖြင့် အကြောင်းအရာ တစ်ရပ်ပေါ်ဈာဉ်ဝင်စားခြင်းသည် အရေးကြီးလှသည်ဟုထင်ပါသည်။ အခုခေတ်ပေါ်ရပ်(RAP)သီချင်းများကိုတော့ကျွန်တော်မခံစားတတ်ပါ။ သို့ သော်လည်း သာမာန်သံစဉ်(slow/rock/cha cha/bossonova/jass)သီချင်းများရေးရသည်ထက် လွယ်လွန်းသည်ဟုထင်မြင်မိသည်။ ပညာသားသိပ်ပါလှသည်ဟုလည်းမထင်မိပါ။ ကဗျာစပ်တတ်လျှင် ရပ်သီချင်းရေးတတ်သည်ဟု အကြမ်းဖျင်းယူဆလို့ ရပြီး သာမန်ကဗျာတစ်ပုဒ်ကို ရပ်မဆန်သော သီချင်းအဖြစ်သံစဉ်ထည့်သွင်းရသည်မှာခက်လှပေသည်။

ယနေ့ မျက်မှောက်မြန်မာနိုင်ငံ၏စတီဒီယိုတေးလောကမှာ ကျွန်တော်တို့ ငယ်စဉ်ကခေတ်ကာလနှင့် နှိုင်းယှဉ်ကြည့်ပါက အများကြီးဆုတ်ယုတ်သွားသည်ဟုထင်သည်။ ရပ်သီချင်းများပေါချင်းသောချင်းပေါ်လာသည်ကလွဲ၍ ကိုယ်ပိုင်သံစဉ်ကိုယ်တိုင်ရေးစပ်သောသီချင်းများမရှိသလောက်နည်းသွားပြီး၊ ကိုယ်တိုင်ရေး၊ကိုယ်တိုင်ဆိုအဆိုတော်များမှာပိုလို့ တောင်ရှားသွားလေပြီ။ သိသလောက်လက်ရှိဆောင်းဦးလှိုင်တစ်ယောက်လောက်သာရှိတော့သည်။ လူငယ်အများစုကတော့ ပြန်ဆိုသီချင်းလုပ်လိုက်၊ ကျဘမ်းရပ်သီချင်းရေးသံစဉ်ထည့်လိုက်၊ သီချင်းဟောင်းများကို ရပ်အပိုင်းအစကြားညှပ်ဆိုလိုက်နှင့်သာ ရိုက်စားခေတ်ဖြစ်နေလေပြီ။ စိတ်ထဲမှာတော့ကျွန်တော်ချစ်သောမြန်မာနိုင်ငံတွင် ငယ်စဉ်ကကဲ့သို့ ကျွန်တော်အပါအ၀င်လူတိုင်းနှစ်သက်လက်ခံသောတေးသီချင်း၊တေးဂီတခေတ်မျိုးတစ်ဖန်ပြန်လည်ထွန်းကားစေချင်သည်မှာရင်ထဲကဆန္ဒတစ်ခုသာဖြစ်ပေလေသည်။

(မှတ်ချက်။ ။အထက်ပါဖော်ပြချက်များသည် စာရေးသူ၏ ကိုယ်ပိုင်ယူဆထင်မြင်ချက်များသာဖြစ်ပြီး တစ်ချို့ သောသူများ၏ အတွေးအခေါ်များနှင့် ကွဲလွဲကောင်းကွဲလွဲနေပေမည်။ ထိုသို့ ဆိုပါကလည်း အကြောင်းအရာတစ်ခုကို ကိုယ်နှင့်ထင်မြင်ချက်မတူသောအမြင်တစ်ရပ်ဟုသာယူဆပေးပါရန်။)

No comments:

Post a Comment